အိန္ဒိယနိုင်ငံမှ ဥရောပသမဂ္ဂသို့ သရက်သီးတင်ပို့မှုအပေါ် ကန့်သတ်ထားခြင်းအားဖယ်ရှားပေးလိုက်
အိန္ဒိယနိုင်ငံရဲ့ Alphonso သရက်သီးများ ဥရောပဈေးကွက်သို့တင်ပို့ခြင်းကို ယခင်နှစ်က ပိတ်ပင်တားမြစ် ထားခြင်းအပေါ် ပြန်လည်တင်ပို့ခွင့်အား ဥရောပကော်မရှင်က ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကြက်ဟင်းခါးသီး၊ ခရမ်းသီး၊ ပဲလင်းမြွေသီးနဲ့ ပိန်းဥ စတဲ့ဟင်းသီးဟင်းရွက် (၄) မျိုးတင်ပို့ခွင့်ကိုမူ ဆက်လက် တားမြစ်ထားဆဲဖြစ်ပါတယ်။ သရက်သီး တင်ပို့ခွင့်ပိတ်ပင်ထားချက်အပေါ် ဖယ်ရှားပေးလိုက်တဲ့အတွက် သရက်သီး ကုန်သည်များ ဝမ်းသာနေကြပါတယ်။ ယမန်နှစ်က သရက်သီး ကုန်သည်များဟာ ပင်လယ်ကွေ့နိုင်ငံများနဲ့ ပြည်တွင်းဈေးကွက်သို့ အနိမ့်ဈေးနဲ့ သရက်သီးများကို ရောင်းချခဲ့ကြရတာဖြစ်ပါတယ်။ ယခုလို အိန္ဒိယမှ သရက်သီးတင်ပို့ခွင့်ပြန်လည်ခွင့်ပြုရန် နောက်ဆုံးဆုံးဖြတ်ချက်ဟာ စားနပ်ရိက္ခာနဲ့ တိရိစ္ဆာန်မွေးမြူရေးကော်မရှင်မှ အဖွဲ့တစ်ဖွဲ့သည်၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းက အိန္ဒိယနိုင်ငံရှိ သစ်သီးဝလံ ထုတ်ပိုးတဲ့နေရာများ၊ အပင်ပြုစုစောင့်ရှောက်ရေးနဲ့ စစ်ဆေးပြီးစီးမှု လက်မှတ်ထုတ်ပေးတဲ့စနစ် (Certification System ) များ ပြုပြင်ပြောင်းလဲထားမှု၊ တိုးတက်လာမှုအခြေအနေများကို လာရောက်လေ့လာခဲ့ပြီးနောက် ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ လေ့လာရေးအဖွဲ့ဝင်များက တစ်ညီတစ်ညွတ်တည်း အိန္ဒိယနိုင်ငံရဲ့ သရက်သီး တင်ပို့မှုစနစ်ဟာ သိသိသာသာ တိုးတက်လာတယ်လို့ သုံးသပ်ချက်ချပေးပြီးနောက်ပိုင်းမှာ သရက်သီး တင်ပို့မှု ကန့်သတ်ထားချက်ကို ဖယ်ရှားပေးလိုက်တာဖြစ်ပါတယ်။ ဗြိတိသျှအစိုးရကလည်း အိန္ဒိယမှ ဟင်းသီးဟင်းရွက်တင်သွင်းမှုကန့်သတ်ထားခြင်းအား ဖယ်ရှားပေး ရန်လည်းများစွာအထောက်အကူပြုစေပါတယ်။ အိန္ဒိယနိုင်ငံအား ၎င်းတို့တင်ပို့မဲ့ သရက်သီးများအပါအဝင် ဟင်းသီးဟင်းရွက်စသည်တို့ တင်ပို့ရာမှာဘေးကင်း လုံခြုံမှုရှိကြောင်းအတိုင်းအတာတစ်ခုထိ အာမခံပေးလာ နိုင်ကြောင်း၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်များမှာလည်း စံချိန်စံညွှန်းနဲ့အညီ အကောင်အထည်ဖော်ထုတ်လုပ်နိုင်ရန် အခြေခံအဆောက်အဦများ တိုးတက်လာတယ်လို့ သိရပါတယ်။ ယခင်က အိန္ဒိယမှသရက်သီးတင်ပို့မှု တားမြစ်ရ ခြင်းမှာစစ်ဆေးပြီး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရာမှာ သိသာတဲ့ချို့ယွင်းချက်များ ရှိနေတဲ့အတွက် ဖြစ်ပါတယ်။
MIRT (DCCA)