မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးမှ တာဝန်ရှိဝန်ထမ်းများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှု၊ ရုံးချုပ်၏လမ်းညွှန်မှု တို့ကိုခံယူ၍ မကွေးတိုင်းဒေသကြီးမြို့နယ် အသီးသီးတွင် စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာကိစ္စများကို ဆွေးနွေးဟောပြောပွဲများ ကျင်းပလျက်ရှိရာ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် နတ်မောက်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ဆွေးနွေးဟောပြောပွဲကျင်းပခဲ့ပါသည်။ အဆိုပါ စားသုံးသူအကာအကွယ်ပေးရေးဟောပြောပွဲကို ဖေဖော်ဝါရီလ (၅)ရက်နေ့ ၁၄းဝဝနာရီတွင် နတ်မောက်မြို့၊ မြို့မကွက်သစ် ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တွင် ဆွေးနွေး ဟောပြောပွဲကျင်းပခဲ့ရာ ဆရာ/ဆရာမ ၄၁ ဦး၊ ကျောင်းသား/ကျောင်းသူ ၄၄၀ ဦးနှင့် စားသုံးသူရေးရာဌာနမှ ဝန်ထမ်း(၃)ဦး တက်ရောက်ခဲ့ပါသည်။ ၎င်းအမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ဟောပြောပွဲခန်းမ တွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့စိုးမှ ပထမဦးစွာအဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ ၎င်းနောက် မကွေးတိုင်း ဒေသကြီး စားသုံးသူရေးရာဌာနခွဲမှ ဒုဦးစီးမှူး ဦးမြတ်သွင်မှ လက်ရှိလုပ်ဆောင် လျက်ရှိသော စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းများအကြောင်း၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လုပ်ငန်းများ လုပ်ဆောင်နေမှု အခြေအနေ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေများအကြောင်း၊ စားသုံးသူ ပြည်သူများလိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် ကိစ္စများအကြောင်း၊ လုပ်ငန်းရှင်များ၏ လိုက်နာဆောင်ရွက်ရမည့် ဥပဒေပါအချက်များနှင့် အခွင့်အရေးများအကြောင်းတို့ကို ဆွေးနွေးခဲ့ပြီး ဒုဦးစီးမှူး ဦးမြိုင်မှ အစားအသောက်များတွင် သုံးစွဲလျက်ရှိသော ဓါတုဆိုးဆေးများအကြောင်းကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက် နှင့်စားသောက်ကုန်များတွင် အသုံးပြုနေကြသော ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် ရွက်ဖြန်း ဓါတ်မြေဩဇာများကို အလွန်အကျွံ မသုံးစွဲကြရန်နှင့် ၎င်းကြီးမြန်၊ ကြာရှည်ခံ ဆေးများကြောင့် ဖြစ်ပေါ်လာနိုင် သည့် ကင်ဆာကဲ့သို့သော ရောဂါဆန်းများအကြောင်း၊ ကျောင်းဈေးတန်းများတွင် တွင်တွင်ကျယ်ကျယ်ရောင်းချ လျက်ရှိသော အချိုရည်ဘူးများ၊ ၎င်းတို့တွင်အဓိကထားအသုံးပြုသော ဓါတုပစ္စည်းသည် ရိုးရိုးသကြားထက် အချိုဓါတ် အဆ၂၀ဝအထိ မြင့်မားကြောင်း၊ ၎င်းအချိုရည်ကို အချိန်ကြာကြာနှစ်ရှည်လများ သောက်သုံးပါက အစာအိမ်ကင်ဆာကဲ့သို့သော ရောဂါများဖြစ်ပွားနိုင်သည့်အတွက် ဆင်ဆင်ခြင်ခြင်သောက်သုံးသင့်ကြောင်းနှင့် ယခုအချိန်တွင် မိမိတို့ပတ်ဝန်းကျင်နိုင်ငံများမှ တင်သွင်းလာသော အစားအသောက်များ၊ အချိုရည်များ၊ အေးခဲအသားများ၊ ကြက်ဥများ စသည့်တို့ကို ဝယ်ယူစားသုံးကြမည်ဆိုလျှင် သတိရှိရှိ ဝယ်ယူစားသုံးကြမှသာ သက်ရှည်ကျန်းမာနိုင်မည်ဖြစ်ပါကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် တံခွန်တိုင်စံပြကျေးရွာရှိ အလယ်တန်းကျောင်းတွင်လည်း ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဆရာ/ဆရာမ ၁၃ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၃၇၀ ဦးတို့ကို ဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ပိုစတာများဝေငှခြင်း၊ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်လည်း နတ်မောက်မြို့နယ် အင်းကုန်းရွာ၊ အမှတ် (၆) အခြေခံမူလတန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ဆရာမ များနှင့် ပြည်သူလူထု စုစုပေါင်း ၁၂၅ ဦးတို့အား စားသုံးသူ အကာအကွယ် ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ပိုစတာများ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဝင်းထွန်း (စားသုံးသူ)
မကွေး