BIMSTEC
ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် - ဘင်းမ်စတက်
(Bay of Bengal Initiative for Multi - Sectoral Technical and Economic Cooperation - BIMSTEC)
နိဒါန်း
၁။ ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်လျှက်ရှိသော နိုင်ငံများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရေးကို အဓိကထားရှေ့ရှု၍ ဘင်္ဂလားပင်လယ်အော် ဒေသအတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြု မှုအစီအစဉ် (BIMSTEC) ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ (၆ - ၆ - ၁၉၉၇) တွင် စတင်တည်ထောင်ခဲ့ပါသည်။ လက်ရှိအဖွဲ့ဝင်နိုင်ငံများမှာ-
(က) ဘင်္ဂလားဒေ့ရှ်နိုင်ငံ
( ခ ) အိန္ဒိယနိုင်ငံ
( ဂ ) မြန်မာနိုင်ငံ
(ဃ) သီရိလင်္ကာနိုင်ငံ
( င ) ထိုင်းနိုင်ငံ
(စ) နီပေါနိုင်ငံ
(ဆ) ဘူတန်နိုင်ငံ တို့ဖြစ်ကြပါသည်။
BIMSTEC အဖွဲ့ကြီး ဖြစ်တည်ပေါ်ပေါက်လာပုံ နောက်ခံသမိုင်း
၂။ ဘင်္ဂလားပင်လယ်အော်ဒေသအတွင်းရှိ နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော ဒေသအတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကို ဖွဲ့စည်းရန် ထိုင်းနိုင်ငံက ဦးဆောင်အစပြုကာ အိန္ဒိယနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပါ သည်။ ထို့နောက် (၆ - ၆ - ၁၉၉၇) တွင် ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဝန်ကြီးများ အစည်းအဝေးက ဘန်ကောက်ကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာ၍ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ တို့ပါဝင်သော ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ နှင့် ထိုင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Bangladesh - India- Sri Lanka - Thailand Economic Cooperation - BIST-EC ) ကို စတင်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါအဖွဲ့အစည်းသစ် စတင်တည်ထောင်ချိန်တွင် မြန်မာနိုင်ငံမှ ပူးပေါင်း ပါဝင်ခြင်း မရှိသေးပါ။
၃။ ၂၂-၁၂-၁၉၉၇ တွင် ပြုလုပ်ခဲ့သော ဝန်ကြီးများအဆင့် အထူးအစည်းအဝေးက မြန်မာနိုင်ငံ အား အဖွဲ့ဝင် နိုင်ငံသစ်အဖြစ် တရားဝင်လက်ခံခဲ့ပြီး အဖွဲ့အမည်ကိုလည်း ဘင်းမ်စတက် Bangladesh - India- Myanmar- Sri -Lanka - Thailand Economic Cooperation - BIMST EC ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖြစ် အမည်ပြောင်းလဲခဲ့ပါသည်။ ၈-၂-၂၀၀၄ တွင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၌ ကျင်းပပြုလုပ်သော ဆဌမအကြိမ် ဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဘူတန်နှင့် နီပေါနိုင်ငံတို့သည် အဖွဲ့ဝင် နိုင်ငံသစ် များဖြစ်လာခဲ့ပါသည်။ ထို့နောက် ၂၀၀၄ ခုနှစ်၊ ဇူလိုင်လတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြုလုပ်ခဲ့သော ပထမအကြိမ် ထိပ်သီးညီလာခံက အဖွဲ့အမည်ကို ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ကဏ္ဍစုံနည်း ပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (BIMST-EC - Bay of Bengal Initiative for Multi - Sectoral Technical and Economic Cooperation) အဖြစ် အမည်ပြောင်းလဲခေါ်ဝေါ် ခဲ့ပါသည်။
၄။ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) တွင် ပါဝင်သောနိုင်ငံများ ဖြစ်ရုံသာမက တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SAARC) တွင် လည်း ပါဝင်သောနိုင်ငံများ ဖြစ်ကြသဖြင့် ဘင်းမ်စတက် အဖွဲ့ကြီးသည် ယင်းဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အစည်းနှစ်ခုကို ဆက်စပ်ပေါင်းကူးပေးသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါသည်။ ဘင်းမ်စတက်အဖွဲ့သည် အခြားသောအဖွဲ့ အစည်းများနှင့်မတူဘဲ ကွဲပြားခြားနားနေခြင်းမှာ နေထိုင်မှုပုံစံ၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှုစသည် တို့ကွဲပြားကြသည့် နိုင်ငံများနှင့် ဖွဲ့စည်း တည်ထောင်ထားခြင်းကြောင့်ဖြစ်ပါသည်။
အဖွဲ့၏ရည်ရွယ်ချက်
၅။ ဘင်းစတက်အဖွဲ့ကို စတင်အသက်ဝင်စေသည့် ဘန်ကောက်ကြေငြာစာတမ်းတွင် ဖော်ပြထား သည့် အဖွဲ့ကြီး၏မျှော်မှန်းချက်နှင့်ရည်ရွယ်ချက်များမှာ-
(က) စီးပွားရေးလျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေမည့်အခြေအနေနှင့်ပတ်ဝန်းကျင်ကောင်းများ ဖန်တီး ပေးရန်အတွက် ကုန်သွယ်ရေး၊ စက်မှုနှင့် ရင်းနှီးမြှုုပ်နှံမှု၊ နည်းပညာ၊ လူ့စွမ်းရည်ဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်း ၊ စိုက်ပျိုးရေး၊ စွမ်းအင်နှင့်
အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရန်။
(ခ) ဒေသခွဲအတွင်း စီးပွားရေးနှင့်လူမှုရေး တိုးတက်မှုမြှင့်တင်ရန်တန်း တူရည်တူနှင့်လုပ်ဖော် ကိုင်ဖက်စိတ်ဓါတ်ဖြင့် ပူးတွဲဆောင်ရွက်ရန်။
(ဂ) အဖွဲ့ဝင်နိုင်ငံများအားလုံး အကျိုးရှိစေမည့် စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများ၌ တက်ကြွစွာပူးပေါင်းဆောင်ရွက်ရန်နှင့် အပြန်အလှန် အကူအညီပေးရန်။
(ဃ) ပညာရေး၊ လုပ်ငန်းခွင် စွမ်းရည်တိုးမြှင့်ရေးနှင့် နည်းပညာဆိုင်ရာသင်တန်းနှင့် သုတေသနအကူ အညီများပေးခြင်းဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူညီပံ့ပိုးပေးကြရန်။
(င) ပြည်သူတို့၏ လူနေမှုအဆင့် မြှင့်တင်ရေးကို အကျိုးပြု၍ အမျိုးသားစီမံကိန်းများကိုအထောက် အကူပြုစေနိုင်သောအလုပ်အကိုင်ပိုမိုရရှိရေး၊သယ်ယူပို့ဆောင်ရေ နှင့် ဆက်သွယ်ရေးပိုမို ကောင်းမွန်စေရေးနှင့် အခြား
ကြိုးပမ်းမှုများတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်။
( စ) ရည်ရွယ်ချက်၊ မျှော်မှန်းချက်ချင်းတူညီသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများတွင် နီးကပ်စွာနှင့်အကျိုးရှိစွာပူးပေါင်းဆောင်ရွက်ရန်။
(ဆ) ဒေသခွဲအဆင့်တွင် လက်တွေ့အကျိုးရလာဒ် ဖြစ်ထွန်းစေနိုင်ပြီး အုပ်စုအတွင်းရနိုင်သော စုပေါင်းအားကို အသုံးချနိုင်သည့် စီမံချက်များကို ပူးပေါင်းဆောင်ရွက်ရန် စသည်တို့ဖြစ်ပါ သည်။
အဖွဲ့ဝင်နိုင်ငံများက လက်ခံကျင့်သုံး ဆောင်ရွက်ရမည့်အခြေခံ သဘောတရားများ
၆။ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လက်ခံကျင့်သုံးဆောင်ရွက်ရမည့် အခြေခံသဘောတရားများမှာ-
(က) အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုသည် အချုပ်အခြာအာဏာညီမျှမှု၊ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှု၊ နိုင်ငံရေးလွတ်လပ်မှု၊ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်မှုနှင့်
နှစ်ဦးနှစ်ဖက်အကျိုးရှိမှု အခြေခံသဘောတရားအသီးသီးပေါ်တွင် အခြေခံရန်။
(ခ) အဖွဲ့အစည်းအတွင်းပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့ဝင်နိုင်ငံများ ပါဝင်သောနှစ်ဦးနှစ်ဖက် (သို့) ဒေသဆိုင်ရာ (သို့) ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးအတွက်အစားထိုးသည့်အရာတစ်ခုမဟုတ်ဘဲ ထပ်မံဖြည့်စွက်မှု တစ်ခု ဖြစ်ရန်။
ဘင်းမ်စတက်အဖွဲ့ ဖွဲ့စည်းပုံဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု ယန္တရားများ
၇။ BIMSTEC အဖွဲ့ ဖွဲ့စည်းပုံဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုယန္တရားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) နှစ်စဉ် ဝန်ကြီးများအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများက အင်္ဂလိပ်အက္ခရာစဉ်အရ အလှည့်ကျအိမ်ရှင်အဖြစ် တစ်နှစ်စီ လက်ခံကျင်းပပေးရန်၊
( ခ) အဆင့်မြင့် အရာရှိကြီးများကော်မတီသည် ပုံမှန်တွေ့ဆုံရမည်ဖြစ်ပြီး လိုအပ်သောအခါတွင် လည်း တွေ့ဆုံရန်၊
(ဂ) အထူးလုပ်ငန်းအဖွဲ့များနှင့် အခြားသောလုပ်ငန်းဆောင်ရွက်မှု ယန္တရားများကို အဖွဲ့ဝင်နိုင်ငံများမှ သင့်လျော်သလို ညှိနှိုင်းဆောင်ရွက်ရန် အကြီးတန်းအရာရှိကြီးများက လိုအပ်သလို ဖွဲ့စည်းဆောင်ရွက်ရန်၊
ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များ
၈။ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ၌ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် ဘင်းမ်စတက်ဝန်ကြီးများ အထူး အစည်းအဝေးတွင် အာရှနှင့်ပစိဖိတ်ဒေသစီးပွားရေးနှင့်လူမှုရေးကော်မရှင် (ESCAP) မှ လေ့လာပြုစုတင်ပြခဲ့သော ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် အဆိုပြုစာတမ်းကို လေ့လာသုံးသပ် ဆွေးနွေးခဲ့ကြပါသည်။ ယင်းစာတမ်းတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ ပို့ဆောင်ဆက် သွယ်ရေး ၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး ၊ ရေလုပ်ငန်းနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးစသည့် ကဏ္ဍ(၉) ရပ် အောက်တွင် ပူးပေါင်းဆောင်ရွက်ရန် စီမံကိန်းအဆိုပြုချက် (၃၀) တိတိကို အကြံပြုတင်ပြခဲ့ပါသည်။ ESCAP မှ အဆိုပြုခဲ့သော စီမံကိန်း (၃၀)အနက် ပထမ အဆင့်အနေဖြင့် ဦးစားပေးအကောင်အထည်ဖော်ရန် ပူးပေါင်း ဆောင်ရွက်ရေးစီမံကိန်း (၈) ခု ပါဝင်သည့်ဘင်းမ်စတက်အဖွဲ့၏ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း အစီအစဉ် (BIMST-EC Cooperative Work Programme ) ကို ဝန်ကြီးများ အစည်းအဝေးက အတည်ပြုပေးခဲ့ပါသည်။ အဆိုပါစီမံကိန်း (၈) ခုမှာ-
(က) ဘင်းမ်စတက် စီးပွားရေးဖိုရမ် တည်ထောင်ရေး၊
( ခ) ချည်မျှင်အထည်အလိပ်၊ ဆေးဝါး၊ ကျောက်မျက်ရတနာ၊ သစ်သီးဝလံပန်းမာန်နှင့် သတင်းဖြန့်ချီ ရေးနည်းပညာ စသည့်ကဏ္ဍ (၅) ရပ်တွင် ကုန်သွယ်မှုမြှင့်တင်ရေး၊
( ဂ) အကောက်ခွန်မဟုတ်သောနည်းဥပဒေလုပ်ထုံးလုပ်နည်း အတားအဆီးများဖယ်ရှားရေး၊ဈေးကွက် ရရှိရေးနှင့် ကုန်သွယ်မှုသက်သာခွင့်ပေးရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၊
(ဃ) နည်းပညာလွှဲပြောင်းရေးနှင့် နည်းပညာစွမ်းရည်တည်ဆောက်ရေး၊
( င) ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းများ ပိုမိုဖြည့်တင်းပေးရေး၊
( စ) သဘာဝဓါတ်ငွေ့၊ နေရောင်ခြည်၊ လေ၊ ရေနှင့် ဒီရေလှိုင်းစွမ်းအားတို့နှင့်ပတ်သက်၍ စွမ်းအင် ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊
(ဆ) ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေးနှင့် ၁၉၉၈ ခုနှစ်အတွင်း ခရီးသွားလုပ်ငန်း ဆိုင်ရာ တွေ့ဆုံနှီးနှောဖလှယ်ပွဲကျင်းပရေး နှင့်
(ဇ) ရေလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး တို့ဖြစ်ပါသည်။
၉။ ၁၉၉၈ ခုနှစ်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ဘင်းမ်စတက် ဝန်ကြီးများအစည်းအဝေးမှ ဘင်းမ်စတက် အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုများကို ကဏ္ဍ (၆) ရပ်တွင် အထူးအလေးထား ဆောင်ရွက်ရန်နှင့် ကဏ္ဍအလိုက် ဦးဆောင်နိုင်ငံများတာဝန်ကို ခွဲဝေဆောင်ရွက်ကြရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ထိုသို့ဦးစွာပဏာမရွေးချယ်ဆောင် ရွက်ခဲ့သည့် ကဏ္ဍ (၆) ရပ်နှင့် ဦးဆောင်နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ - ဘင်္ဂလားဒေ့ရှ်နိုင်ငံ
( ခ) ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ - အိန္ဒိယနိုင်ငံ
( ဂ) ခရီးသွားလုပ်ငန်းကဏ္ဍ - အိန္ဒိယနိုင်ငံ
( ဃ) စွမ်းအင်ကဏ္ဍ - မြန်မာနိုင်ငံ
( င) နည်းပညာကဏ္ဍ - သီရိလင်္ကာနိုင်ငံ
( စ) ရေလုပ်ငန်းကဏ္ဍ - ထိုင်းနိုင်ငံ
၁၀။ ထို့နောက် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒါကာမြို့၌ ပြုလုပ်ခဲ့သည် (၈) ကြိမ်မြောက် ဝန်ကြီးများ အစည်းအဝေးက ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ (၇) ခုထပ်မံတိုးချဲ့ခဲ့ရာ၊ ယခုအခါ၌ ဘင်းမ်စတက်ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍ (၁၃) ခုရှိ လာပြီဖြစ်ပါသည်။ ဦးဆောင်နိုင်ငံများ၏ သက်တမ်းမှာ (၂) နှစ် ဖြစ်ပါသည်။ ဘင်းမ်စတက်ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရန် ထပ်မံရွေးချယ်ဆောင် ရွက်ခဲ့သည့်ကဏ္ဍ (၇) ရပ်နှင့် ဦးဆောင်နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(ဆ) ဆင်းရဲနွမ်းပါးမှုလျော့ပါးရေးကဏ္ဍ - နီပေါနိုင်ငံ
( ဇ) စိုက်ပျိုးရေးကဏ္ဍ - မြန်မာနိုင်ငံ
( ဈ) ယဉ်ကျေးမှုကဏ္ဍ - ဘူတန်နိုင်ငံ
(ည) အကြမ်းဖက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ - အိန္ဒိယနိုင်ငံ
တိုက်ဖျက်ရေးကဏ္ဍ
(ဋ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝ - အိန္ဒိယနိုင်ငံ
ဘေးအန္တရာယ်ကာကွယ်ရေးကဏ္ဍ
(ဌ) ပြည်သူ့ကျန်းမာရေးကဏ္ဍ - ထိုင်းနိုင်ငံ
(ဍ) ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုကဏ္ဍ - ထိုင်းနိုင်ငံ
အာရှဖွံ့ဖြိုးရေးဘဏ်(ADB) နှင့်ပူးပေါင်းဆောင်ရွက်မှု
၁၁။ ဘင်းမ်စတက် အဖွဲ့ကြီး ဖွံ့ဖြိုးတိုးတက်မှုအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့်၂၀၀၅ ခုနှစ်တည်းက ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ADBသည်ဘင်းမ်စတက်နိုင်ငံများအကြား သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင် ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တိုးတက်မြှင့်တင်ရေးကို အလေးပေး ဆောင်ရွက်လျက်ရှိပါသည်။
ဘင်းမ်စတက်ကုန်သည်ကြီးများအသင်း (BIMSTEC – CCI) ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေ
၁၂။ ၁၉၉၇တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ဘင်းမ်စတက်စီးပွားရေးဖိုရမ်တွင် BIMSTEC-CCI တည်ထောင်ဖွဲ့စည်းရေးကို အဆိုပြုတင်သွင်းခဲ့ပါသည်။ ၁၉၉၉ခုနှစ်၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့ သည့် ဘင်းမ်စတက် ပုဂ္ဂလိကကဏ္ဍဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေးတွင် ဘင်းမ်စတက်နိုင်ငံများ အချင်း ချင်းစီးပွားရေးဆိုင်ရာ နောက်ဆုံးပေါ်သတင်းအချက်အလက်များရရှိ ဖလှယ်နိုင်ရေးနှင့် စီးပွားရေးအခွင့်အလမ်း များရရှိနိုင်ရေးတို့အတွက် ဘင်းမ်စတက်ဒေသတွင်း စီးပွားရေးဖလှယ်ရေးအဖွဲ့တစ်ခုကို တည်ထောင်ရန် ဘင်္ဂလား ဒေ့ရှ်နိုင်ငံက အဆိုပြုခဲ့ပါသည်။
၁၃။ သီရိလင်္ကာနိုင်ငံ၊ကိုလံဘိုမြို့တွင် ၂၀၀၀ ပြည့်နှစ်၌ ကျင်းပခဲ့သည့် ဘင်းမ်စတက်စီးပွားရေးဖိုရမ်က အိန္ဒိယ နိုင်ငံမှ တင်သွင်းခဲ့သည့်စီးပွားရေးဆိုင်ရာ ပုဂ္ဂလိကအဖွဲ့တည်ထောင်ရေးစာတမ်းကို လက်ခံခဲ့ပြီး ဘင်းမ်စတက် စီးပွားရေးကောင်စီနှင့် ကောင်စီဝန်ကြီးများက အဆိုပါစာတမ်းကို လက်ခံအတည်ပြုခဲ့ပါသည်။ ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့တွင် BIMSTEC – CCI ကို စတင် တည်ထောင်ခဲ့ပါသည်။ အဆိုပါအဖွဲ့၏ရည်ရွယ်ချက်မှာ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ပုဂ္ဂလိကကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ပါသည်။ အဖွဲ့၏ ပထမ အကြိမ် ညီလာခံကို ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင်သီရိလင်္ကာနိုင်ငံ၌ ကျင်းပခဲ့ပါသည်။ ဘင်းမ်စတက် ဒေသတွင်း ပုဂ္ဂလိကကဏ္ဍ၏ Focal Point ဖြစ်သည်နှင့်အညီ ထိုအဖွဲ့ကြီးသည် ပြပွဲများ၊ ဒေသတွင်းအစား အစာပွဲတော်များနှင့် အင်တာနက်မှ ဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များ ကို စုစည်းရန် စသည့်တို့ကိုအသင်းကြီး၏ လုပ်ငန်းစဉ်များအဖြစ် ချမှတ်ထားပါသည်။
ဘင်းမ်စတက်လွတ်လပ်သောကုန်သွယ်မှုဒေသ (BIMSTEC-FTA) တည်ထောင်ဆောင်ရွက်ခြင်း
၁၄။ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအချင်းချင်း ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့တွင်တက်တက်ကြွကြွဆောင် ရွက်နိုင်ရန်နှင့် အခြားပြင်ပနိုင်ငံများကလည်း ဘင်းမ်စတက်အဖွဲ့ကြီးနှင့် ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာစေရေး တို့ကို ရှေးရှု၍ ဘင်းမ်စတက်လွတ်လပ်သောကုန်သွယ်မှုဒေသကို တည်ထောင်ရန် သဘောတူညီခဲ့ကြပြီး ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ဆဌမအကြိမ်မြောက် ဝန်ကြီးများအစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှလွဲ၍ (၎င်း၏ပြည်တွင်းလုပ်ထုံးလုပ်နည်းများဆိုင်ရာအခြေ အနေကြောင့်) ကျန်အဖွဲ့ဝင်နိုင်ငံအားလုံးသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ ရှေ့မှောက်တွင် ဘင်းမ်စတက် လွတ်လပ်သောကုန်သွယ်မှုဒေသ တည်ထောင်မှုသဘောတူညီချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ပါသည်။ နောက်ပိုင်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၀၄ ခုနှစ်၊ ဇွန်လ ၂၅ ရက် နေ့တွင် လက်မှတ် ရေးထိုးနိုင်ခဲ့ပါသည်။
၁၅။ ဘင်းမ်စတက်လွတ်လပ်သော ကုန်သွယ်မှုဒေသ (BIMSTEC-FTA) ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) ဘင်းမ်စတက်နိုင်ငံများအကြားစီးပွားရေး၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်နှင့်ခိုင်မာစေရန်။
(ခ) ကုန်စည်နှင့်ဝန်ဆောင်မှုကုန်သွယ်ရေးကိုတိုးတက်ဖြေလျော့သွားပြီးသိသာပွင့်လင်းလွတ်လပ် သောရင်းနှီးမြှုပ်နှံမှုစည်းမျဉ်းများ ဖော်ဆောင်ရန်။
(ဂ) အဖွဲ့ဝင်နိုင်ငံများအကြားပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍသစ်များနှင့်နည်းလမ်း များရှာဖွေရန်။
(ဃ) ဒေသတွင်းဖွံ့ဖြိုးဆဲနိုင်ငံများ ပေါင်းစည်းခြင်းဖြင့် ဖွံ့ဖြိုးမှုကွာဟချက် နည်းပါးစေရန်။
ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးကျင်းပခဲ့မှုများ
၁၆။ (၁)ကြိမ်မြောက် ထိပ်သီးအစည်းအဝေး - ၂၀၀၄ ခုနှစ် ၊ ဇူလိုင်လ ၃၁ ရက်
ဘန်ကောက်မြို့ ၊ ထိုင်းနိုင်ငံ
(၂) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး - ၂၀၀၈ ခုနှစ် ၊ နိုဝင်ဘာလ ၁၃ ရက်
နယူးဒေလီမြို့ ၊ အိန္ဒိယနိုင်ငံ
(၃) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး - ၂၀၁၄ ခုနှစ် ၊ မတ်လ ၁၄ ရက်
နေပြည်တော် ၊ မြန်မာနိုင်ငံ
(၄) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး - ၂၀၁၈ ခုနှစ် ၊ သြဂုတ်လ ၃၀ မှ ၃၁
ရက်နေ့အထိ
၁၇။ ဘင်းမ်တက်အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် သီရိလင်္ကာနိုင်ငံ ၊ ကိုလံဘိုမြို့၌ Hybrid Mode (လူကိုယ်တိုင် + ဗွီဒီယိုကွန်ဖရင့်စနစ်) ဖြင့် ၂၀၂၂ ခုနှစ် ၊ မတ်လ ၃၀ ရက်နေ့တွင် ပဉ္စမအကြိမ် မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးကို လည်းကောင်း၊ ၂၀၂၂ ခုနှစ် ၊ မတ်လ ၂၉ ရက်နေ့ တွင် (၁၈) ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့သို့ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ပါသည်။
၁၈။ အဆိုပါ ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီမှုဖြင့် အတည်ပြုခဲ့သည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး ကြေညာစာတမ်းတွင် ပြန်လည်ဖွဲ့စည်းသည့် ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ (Sectors) နှင့် ကဏ္ဍခွဲများ (Sub-sectors) တို့ကို အတည်ပြုခဲ့ပြီး ဘင်းမ်စတက်ပူးပေါင်းဆောင် ရွက်မှုဖွဲ့စည်းပုံသစ်အရ မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ (Agriculture and Food Security) ၌ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်သွားရမည် ဖြစ်ပါသည်။
ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ (Sectors) နှင့် ကဏ္ဍခွဲများ (Sub-sectors)
စဉ် |
ဦးဆောင်နိုင်ငံ |
ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ |
|
ကဏ္ဍ |
ကဏ္ဍခွဲ |
||
၁ |
ဘင်္ဂလားဒေ့ရှ် |
ကုန်သွယ်မှု ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုကဏ္ဍ |
- |
၂ |
ဘူတန် |
ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု ကဏ္ဍ |
- |
၃ |
အိန္ဒိယ |
လုံခြုံစိတ်ချရမှုကဏ္ဍ |
(၁) အကြမ်းဖက်မှု တိုက် ဖျက်ရေးနှင့် နယ်စပ် ဖြတ်ကျော် မှုခင်းများ ကာကွယ် တားဆီးနှိမ် နင်းရေး (၂) သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု (၃) စွမ်းအင် |
၄ |
မြန်မာ |
လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံမှုကဏ္ဍ |
(၁) လယ်ယာစိုက်ပျိုးရေး (၂) ငါးလုပ်ငန်းနှင့် မွေးမြူ ရေး |
၅ |
နီပေါ |
ပြည်သူအချင်းချင်း ချိတ်ဆက် ဆောင်ရွက်မှု ကဏ္ဍ |
(၁) ယဉ်ကျေးမှု (၂) ခရီးသွားလာရေး (၃) ပြည်သူအချင်းချင်း ဆက်သွယ်မှု (ပညာရှင် များ ၊ ဆက်သွယ်ရေး စသည်တို့နှင့် သက်ဆိုင် သည့် ဖိုရမ်များ) |
၆ |
သီရိလင်္ကာ |
သိပ္ပံ ၊ နည်းပညာနှင့် တီထွင်ဆန်း သစ်မှု ကဏ္ဍ |
(၁) နည်းပညာ (၂) ကျန်းမာရေး (၃) လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက် ရေး |
၇ |
ထိုင်း |
ချိတ်ဆက်ဆောင်ရွက်မှုကဏ္ဍ |
- |
ဘင်းမ်စတက်အဖွဲ့၏ ရှေ့အလားအလာ
၁၉။ ဘင်းမ်စတက်လွတ်လပ်သော ကုန်သွယ်ရေးဒေသထူထောင်ရေးအတွက် ညှိနှိုင်းရေးလုပ်ငန်းစဉ်များတွင် တိုးတက်မှုအချို့ရှိနေသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများကိုအပြီးသတ်နိုင်ရေးအတွက် တိုက်တွန်းအားပေးရန် လိုအပ်ပါသည်။ ထိုလုပ်ငန်းများကို စောစီးစွာညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင် ခြင်းသည် ဘင်းမ်စတက်ဒေသတွင်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာနိုင်ရေးကိုများ စွာ အထောက်အကူဖြစ်စေပါသည်။ အလားတူ ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အချက်မှာ ဆက်သွယ်ရေးကဏ္ဍဖြစ်သည့်အတွက် ဘင်းမ်စတက်၏ လမ်းပန်းဆက်သွယ်ရေးအဆောက်အဦနှင့် ထောက်ပံ့ရေးဆိုင်ရာ လေ့လာသုံးသပ်ချက်(Transport Infrastructure and Logistics Study –BTILS) ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းသည်လည်း ဒေသတွင်းဆက်သွယ်ရေး ကောင်းမွန်သည့်အကျိုးကိုခံစား ရမည်ဖြစ်ပါသည်။
၂၀။ ထို့ပြင် ဆက်သွယ်ရေးကောင်းမွန်မှု၏ အကျိုးဆက်တစ်ခုမှာ ခရီးသွားလုပ်ငန်းကဏ္ဍဖြစ်ပြီး ခရီးသွား လုပ်ငန်းသည် အမြတ်အစွန်းရရှိသည့် လုပ်ငန်းဖြစ်၍ နိုင်ငံ၏ဝင်ငွေ တိုးတက်စေခြင်း၊ လူအများ အလုပ်အကိုင် ရရှိစေခြင်း၊ ဒေသ၏ စီးပွားရေးတိုးတက်စေခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးတိုးတက်စေခြင်းစသည့်အကျိုး တရားများ ရရှိစေသောကြောင့်ဘင်းမ်စတက်နိုင်ငံများအတွင်း ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ရန်လိုအပ်ပါသည်။ ဘင်းမ်စတက်နိုင်ငံ များအားလုံးပါဝင်သည့် ပူးတွဲခရီးသွားအစီအစဉ်များကိုအကောင်အထည်ဖော်နိုင်ပါက ဒေသတွင်းနိုင်ငံများ၏ လူမှုရေးနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုကိုပါမြှင့်တင်နိုင်မည်ဖြစ်ပါသည်။ ဘင်းမ်စတက်နိုင်ငံ များအနေဖြင့် ယဉ်ကျေးမှုဆိုင်ရာခရီးစဉ်များ၊ အမျိုးသားအမွေအနှစ်များနှင့် သဘာဝအလှအပများကို ပြသသည့် ဘင်းမ်စတက်ပူးတွဲခရီးသွားလုပ်ငန်း အစီအစဉ်များကို ပူးပေါင်းစီစဉ်ပါက ပိုမိုအကျိုးဖြစ်ထွန်း စေနိုင်ပါသည်။
၂၁။ ဘင်းမ်စတက်ဒေသအတွင်း စွမ်းအင်ဖူလုံမှုရှိရေးသည် အဓိကကိစ္စရပ်ဖြစ်သည့်အတွက် အိန္ဒိယနိုင်ငံ၌ စွမ်းအင်ဗဟိုဌာနကို တည်ထောင်မည်ဖြစ်ပါသည်။ ဘင်းမ်စတက်စွမ်းအင်ဗဟိုဌာန တည်ထောင်ပြီးနောက် ဒေသ တွင်း၌ သန့်ရှင်းသော သဘာဝဓာတ်ငွေ့ကို သုံးစွဲနိုင်ရေးအတွက်ပါ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် ရေနံတင်သွင်းမှုအပေါ် မှီခို အားထားသုံးစွဲနေရမှုကို လျော့ချနိုင်မည် ဖြစ်ပါသည်။
၂၂။ ဘင်းမ်စတက်ဒေသတွင်း နိုင်ငံများအနေဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးကို မည်သို့ပင် ကြိုးစား စေကာမူ သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့် ကြုံတွေ့ရပါက မိမိတို့ကြိုးပမ်းမှုများကို ထိခိုက်လာနိုင်သဖြင့် သဘာဝ ဘေးအန္တရာယ်လျော့ချရေးနှင့် ကြိုတင်ပြင်ဆင်ရေး၊ ကာကွယ်တားဆီးရေးဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်း များနှင့် ပတ်သက်၍ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် ဘင်းမ်စတက်ဒေသဆိုင်ရာ မိုးလေဝသနှင့် ရာသီဥတု ဆိုင်ရာ ဗဟိုဌာနတည်ထောင်ရေးသဘောတူညီထားမှုကို ရည်မှန်းချက်ထိပေါက်မြောက်အောင် ကြိုးပမ်းသင့်ပါသည်။
နိဂုံး
၂၃။ ဘင်းမ်စတက်အဖွဲ့သည် အာဆီယံအဖွဲ့နှင့် တောင်အာရှဒေသပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ နိုင်ငံများ ပါဝင်သဖြင့် ဘင်းမ်စတက်သည် ယင်းဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းနှစ်ခုကို ဆက်စပ် ပေါင်ကူးပေး သည့်အဖွဲ့ကြီးဖြစ်ပါသည်။အဖွဲ့အတွင်းစီးပွားရေး အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသောအိန္ဒိယနိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်စပြုနေသော ထိုင်းနိုင်ငံတို့က ဦးဆောင်ပါဝင်နေ၍ ဒေသတွင်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။