ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊  စက်တင်ဘာလ ၂၇

   ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်၍ကျင်းပသည့် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့၊   နံနက် ၁၀ နာရီအချိန်တွင် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေး က အဖွင့်အမှာစကားပြောကြားခဲ့သည်။

    ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့်စပ်လျဉ်းပြီး ဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်ချက်များနှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့် ရယူလိုပါက မှတ်ပုံတင်လျှောက်ထားနိုင်မည့်နည်းလမ်းများ၊ ကန့်သတ်ချက်များ၊ စက်မှုဒီဇိုင်းမှတ်ပုံ တင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းကို အများပြည်သူသိရှိစေရန်အတွက် ယခုလို အသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော်လည်း မူပိုင်ခွင့်စနစ်တစ်ရပ်ကို ဖော်ဆောင်ရာတွင် အဆိုပါ ဥပဒေ၊ နည်းဥပဒေများကို အများပြည်သူ လိုက်နာကျင့်သုံးဖို့ရန်လည်း လိုအပ်ပါကြောင်း၊  အများ ပြည်သူများအနေဖြင့် မူပိုင်ခွင့်၏ အနှစ်သာရနှင့် အကျိုးကျေးဇူးများကို သိရှိထားရန် လိုအပ်သလို မူပိုင်ခွင့်ဥပဒေက ပေးအပ်သည့်အခွင့်အရေးနှင့် ရပိုင်ခွင့်များကိုလည်း ရရှိရန်အတွက် သတ်မှတ်ချက် များ၊ လျှောက်ထားချက်များနှင့်အညီ လျှောက်ထားရန်လိုအပ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် စက်မှုဒီဇိုင်းဥပဒေပါ ဖော်ပြချက်များကို သိရှိထားမည်ဆိုလျှင် ကိုယ်တိုင်ဖန်တီးပြုလုပ် ထားသည့်အရာများ သို့မဟုတ် ဈေးကွက်တွင် ကိုယ်တိုင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသည့် ထုတ်ကုန်ပစ္စည်းများကို တစ်ပါးသူ ပုံတူကူးချခြင်း၊ အတုပြုလုပ်ခြင်း၊ ရောင်းချခြင်း၊ မိမိပစ္စည်းကို နာမည်ပျက်အောင် ပုံစံတူ အရည်အသွေးညံ့သည့် ပစ္စည်းများထုတ်လုပ်ပြီး ထင်ယောင်ထင်မှားဖြစ် အောင်ပြုလုပ်ခြင်းများကို စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် အကာအကွယ်ရယူပြီး တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ကို ထိပါးချိုးဖောက်သူများကိုလည်း ဥပဒေအရ ထိထိရောက်ရောက်အရေးယူ နိုင်မည်ဖြစ်ပြီး မိမိတို့၏ အခွင့်အအရေးကိုလည်း ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

   ဆက်လက်၍ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး၊ ဆွေးနွေးပွဲသို့ မူပိုင်ခွင့် ဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၇၅)ဦး တက်ရောက်ကြကြောင်းသတင်းရရှိသည်။