အုတ်ဖိုမြို့နယ်တွင် ပန်းဂေါ်ဖီများ စတင်စိုက်ပျိုးလျက်ရှိ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ထယ်ကြောရွာ၊ လေးတဲရွာ၊ ရှမ်းရွာ၊ သရက်ပင်ဆိပ်၊ သမန်းကုန်းရွာ၊ ကျပ်ချောင်းရွာစသော ကျေးရွာအုပ်စုများတွင် စိုက်ပျိုးရေး လုပ်ငန်းများကို ရာသီအလိုက်လုပ်ကိုင်ကြပြီး ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များကို အများဆုံး စိုက်ပျိုးကြ ကြောင်း သိရသည်။
ပန်းဂေါ်ဖီမျိုးအနေဖြင့် ပန်းဂေါ်ဖီ သက်လျင်မျိုးနှင့် ပန်းဂေါ်ဖီ သက်ကြီးမျိုးဟူ၍ စိုက်ပျိုး ကြကြောင်း၊ ပန်းဂေါ်ဖီကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးကာ သက်လျင်မျိုးမှာ စိုက်ပျိုးပြီး ရက်ပေါင်း ၉၀ အကြာတွင် ခူးဆွတ်ပြီး သက်ကြီးမျိုးမှာ စိုက်ပျိုးပြီး ရက်ပေါင်း ၁၂၀ အကြာတွင် ခူးဆွတ်ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးရပြီး စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၂ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ပန်းဂေါ်ဖီအပွင့်ရေ ၁၃,၀၀၀ ခန့်ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ပန်းဂေါ်ဖီ အပွင့်အကြီး/ အသေး အရော တစ်ပွင့်လျှင် လက်ကားဈေး ၄၀၀ ကျပ်ခန့်ဖြင့် ရောင်းချရကြောင်း၊ တစ်ဧကလျှင် ငွေကျပ် သိန်း ၄၀ ခန့်အမြတ် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အုတ်ဖိုမြို့ ဒေသတွင်း ရောင်းချမှုအပြင် ရန်ကုန်မြို့ (သီရိမင်္ဂလာဈေး)၊ လက်ပံတန်းမြို့နှင့် မင်းလှမြို့တို့သို့ တင်ပို့ရောင်းချ ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။
DOCA (ပဲခူး)