မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာ၌ ဆောင်းမြေပဲများလှိုင်လှိုင်ထွက်ပေါ်၍ အရောင်းအဝယ်ဖြစ်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးလျက်ရှိပြီး ကွင်းကျေးရွာတွင် ဆောင်းမြေပဲကို ဧက ၁၂၀ ခန့် စိုက်ပျိုးထားကြောင်း၊ ဆောင်းမြေပဲကို မိုးနှမ်းရိတ်သိမ်းပြီးသည့် စိုက်ခင်းမြေများတွင် ထွန်ယက်၍ ဩဂုတ်လတွင် စိုက်ပျိုးပြီး အောက်တိုဘာလကုန်တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိ ကြောင်း၊ မျိုးအနေဖြင့် ဗီယက်နမ်(မြေပဲဆန်ဖြူ)၊ စွန်တာနီ(မြေပဲဆန်နီ)တို့ကို စိုက်ပျိုးပြီး စွန်တာနီ (မြေပဲဆန်နီ)မျိုးကို အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၈၀၀,၀၀၀ ခန့်ကုန်ကျပြီး ၅၀-၆၀ တင်းခန့် ထွက်ရှိ၍ တစ်ဧက လျှင် ငွေကျပ် ၇၀၀,၀၀၀ ခန့် အမြတ်ရရှိကြောင်း သိရသည်။
နိုဝင်ဘာလ၊ ပထမပတ်တွင် မြေပဲတောင့်တစ်တင်းလျှင် ငွေကျပ် ၂၂,၀၀၀-၂၅,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ထွက်ရှိသည့် ဆောင်းမြေပဲများကို မကွေးမြို့ပေါ်ရှိ သီးနှံပွဲရုံ များမှ တစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချပြီး ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင် များနှင့် မြေပဲကို တန်ဖိုးမြှင့်ထုတ်ကုန်(Value Added) ပြုလုပ်၍ ပြန်လည်ရောင်းချသည့် လုပ်ငန်းရှင် များမှလည်း ဝယ်ယူကြကြောင်း သိရသည်။
ယခုနှစ်တွင် မိုးရွာသွန်းမှုများပြီး အထွက်နှုန်းအနည်းငယ်လျော့နည်းသော်လည်း ဈေးကောင်း ရရှိသောကြောင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကြောင်း၊ မြေပဲပင်များကို အခြောက်ခံ နေ လှန်း၍ တိရစ္ဆာန်အစာအဖြစ်လည်း အသုံးပြုနိုင်သည့် သီးနှံဖြစ်သောကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
DOCA(မကွေး)