ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံ (ဆောင်း) မြေပဲများ စတင်စိုက်ပျိုးလျက်ရှိ

        မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ရွာသစ်၊ ကိုးတောင့်၊ ချင်းတောင်၊အောက်ဆိပ်၊ မြင်ကဝ၊ ကမ္ဘားကြီးအုပ်စုအတွင်းရှိ ကျေးရွာများ၌ ဧရာဝတီမြစ်ရိုး တစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် ဆောင်းမြေပဲကို စိုက်ဧက ၁,၀၀၀ ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

 မြေပဲသီးနှံကို ဒီဇင်ဘာလဆန်းမှ စတင်စိုက်ပျိုးပြီး မတ်လတွင် တူးဖော်ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် မြေပဲလုံးဆန်(ဖြူ) S1 အတောင့်သေးမျိုးကို သီးညှပ်သီးနှံအဖြစ် စိုက်ပျိုး၍ မြေပဲမျိုး တစ်တင်းလျှင် ငွေကျပ် ၁၅၂,၀၀၀ ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး တစ်ဧကလျှင် မျိုးစေ့ ၂ တင်းခန့် စိုက် ပျိုးရကြောင်း၊ ယခုနှစ်တွင် မျိုး၊ သွင်းအားစု၊ အလုပ်သမားခအပါအဝင် မြေပဲတစ်ဧကလျှင် ငွေကျပ် ၁၀ သိန်း ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က မြေပဲတစ်ဧကလျှင် ငွေကျပ် ၇ သိန်းခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တင်း ၄၀ မှ ၅၅ တင်း အထိထွက်ရှိကြောင်း၊ ယခင်နှစ်က မြေပဲတောင့် (အခြောက်)တစ်တင်းလျှင် ငွေကျပ် ၃၀,၀၀၀-၃၂,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ငွေကျပ် ၁၀ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဆီစက်လုပ်ငန်းများအပြင် ချောက်မြို့ ပေါ်ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ဒီဇင်ဘာလ၊ ဒုတိယပတ် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများအနေဖြင့် မြေပဲတောင့်(အခြောက်) တစ်တင်းလျှင် ငွေကျပ် ၄၂,၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး တောင်သူများအနေဖြင့် ဆီထွက်သီးနှံ မြေပဲကို မိသားစု စားသုံးဆီဖူလုံမှု ရရှိ သည့်အပြင် အကျိုးအမြတ်ရရှိခြင်းကြောင့် နှစ်စဉ်တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)