ရန်ကုန်တက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇန်နဝါရီလ ၃ဝ ရက်
   ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ်တွင် မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက်အကူပြုလုပ်ငန်းများ အကောင်အထည်ဖော်နိုင် ရေးအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမတွင် ကျင်းပခဲ့ရာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
   အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ ဥပဒေမဟာဘွဲ့တက်ရောက်နေသော ကျောင်းသား/သူများ၊ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ် ကျောင်းသား/သူများ စုစုပေါင်း (၂၆၁) ဦး တက်ရောက်ခဲ့ကြသည်။ 
   ရှေးဦးစွာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ကျောင်းသား/ သူများအနေဖြင့် တိုးတက်နေသည့်ခေတ်ကြီးတွင် မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ အသိပညာများကို ရှာဖွေရာ၌ ဉာဏ်ရည်တု(Artificial Intelligence-AI) များကို ရှာဖွေအသုံးပြု ကူးယူဖော်ပြနေကြကြောင်း၊ ကူးယူဖော်ပြသည့်အခါတွင်လည်း မူပိုင်ခွင့်ချိုးဖောက်ခြင်းများမဖြစ်အောင် အသုံးပြုရပါကြောင်း၊ မူပိုင်ခွင့်ပိုင်ရှင်များ၏ လက်ရာများကို အကာအကွယ်ပေးနိုင်ရန်အတွက်လည်း သတိပြုရမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ သိရှိသူနည်းပါးနေသည့်အတွက် နည်းပညာနှင့်တီထွင်ဆန်းသစ်မှုများ ခိုးယူကူးချခြင်းများကို အရေးယူဆောင်ရွက်နိုင်ရန် ခက်ခဲပါကြောင်း၊ တီထွင်ဆန်းသစ်မှုများ ဖန်တီးရာတွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေဖြင့် ကာကွယ်ထားခြင်းကြောင့် မိမိတို့၏ တီထွင်ဖန်တီးမှုများကို ကာ ကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများအနေဖြင့် မိမိတို့၏ တက္ကသိုလ်ရှိ စာကြည့်တိုက်များတွင် ဖတ်ရှုလေ့လာခြင်းဖြင့် နည်းပညာနှင့်တီထွင်ဆန်းသစ်မှုများ များစွာဖန်တီးနိုင်ရန်နှင့် မိမိတို့တီထွင်ဖန်တီးမှုများကို နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
   ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က စီးပွားရေးဂေဟစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်းချက်များနှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ သက်ဆိုင်ရာနည်းပညာနှင့်တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ (TISC) များရှိ တက္ကသိုလ်/ကောလိပ်များမှ သုတေသနဌာနများတွင် တီထွင်ဆန်းသစ်မှုနှင့်ဖန်တီးမှုများကို ပိုမိုမြင့်မားတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်တစ်ရပ်ဖွံ့ဖြိုးလာခြင်းသည် ဆန်းသစ်တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်ဖြင့် အကာအကွယ်ပေးခြင်း၊ အဆင့်မြင့်နည်းပညာများ လွှဲပြောင်းရယူနိုင်စေခြင်း၊ အများပြည်သူအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်ဖန်တီးမှု နည်းပညာများနှင့် ဆက်စပ်လျက်ရှိသော တက္ကသိုလ်၊ ကောလိပ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
   ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာ ဆိုင်ရာသိကောင်းစရာများနှင့် ဥပဒေ၊ နည်းဥပဒေတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲ သို့ တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။