ထိုင်း-မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအတွက် တာခ်ခရိုင်မှာ နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ ၂၀၁၅ ကျင်းပ

   ထိုင်းကူးသန်းရောင်းဝယ်ရေးဝန် ကြီး ချက်ချိုင်းဆရီကူလျာနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်တို့  ကြီးမှူးပြီး တာခ်နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ ၂၀၁၅ ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ထို ထိုင်းတာခ်ခရိုင်နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲကို မဲဆောက် Central Stadium မှာ ဇန်နဝါရီ ၂၉ ရက်မှ ဖေ ဖော်ဝါရီ ၁ ရက်ထိ ကျင်းပခဲ့ပါတယ်။

   တာခ်နယ်စပ်ကုန်သွယ်ရေးကုန် စည်ပြပွဲ ၂၀၁၅ က ထိုင်းကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရဲ့ ထိုင်း-မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးရည်ရွယ်ချက်ရဲ့ ပဏာမ ခြေလှမ်းဖြစ် ပါတယ်။

   တာခ်ခရိုင်-မဲဆောက်ဟာ အထူး စီးပွားရေးဇုန်အဖြစ်ထူထောင်ရန် ကြေညာထားပြီးဖြစ်ပါတယ်။ အကြောင်းမှာ အရှေ့အနောက် စီးပွားရေးစြင်္ကံ (EWEC) ပေါ်မှာ တာခ် ခရိုင်တည်ရှိ နေတဲ့အတွက်ဖြစ်ပါတယ်။ အရှေ့ အနောက်စြင်္ကံတွင် တာခ်ခရိုင်သည် ဒေသတွင်းမှာ အဓိကကျတဲ့စီးပွားရေး ဝင်ထွက်ဂိတ်တစ်ခုဖြစ်ပါတယ်။

   ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ အခြား ထိုင်း-မြန်မာနယ်စပ်များမှာလည်း ကုန်စည်ပြပွဲများကျင်းပသွားရန် အစီအစဉ်ရေးဆွဲထားတယ်လို့သိရပါတယ်။ ယခု ကုန်စည်ပြပွဲကို ထိုင်းဘတ်ငွေသန်း ၃၀ ကျော် အကုန်ကျခံ ကျင်းပခဲ့တာဖြစ်ပါတယ်။ကုန်စည်ပြပွဲမှာ ထိုင်းနဲ့ မြန်မာ ထုတ်ကုန်အမယ် ၃၀၀ ကျော်ခန့် ပါဝင်ခင်းကျင်းပြသ ထားပြီး ထိုင်းနိုင်ငံဘက်ကတော့ ကျေးရွာတစ်ခုထုတ်ကုန်တစ်မျိုးစနစ် (OTOP- One Tambon One Village ) အရ ခင်းကျင်းပြသထားတယ်လို့သိရပါတယ်။

ချမ်းမြေ့မောင်