ရင်းဂစ်တန်ဖိုးမြင့်တက်မှု၊ ဝယ်လိုအားကျဆင်းမှုတို့ကြောင့် စားအုန်းဆီဈေးကျ

   စာရင်းဇယားများဖြင့် တွက်ချက်မှုအရအလားအလာကျဆင်းမှု၊ ရင်းဂစ်ငွေတန်ဖိုးမြင့်တက်မှုနဲ့ အဓိကဝယ်လက်တွေရဲ့ ဝယ်လိုအားမှေးမှိန်နေမှုအတွက် စိုးရိမ်မှုများက မတ်  ၂၄ ရက်  စားအုန်းဆီကြိုရောင်းဈေးတွေကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါသတင်းမှာဖော်ပြပါတယ်။

   စားအုန်းဆီဈေးကွက်ပိတ်ချိန်မှာ ဘာဆာမလေးရှား စာချုပ်စာတမ်းရောင်းဝယ်ရေး အိတ်ချိန်းမှာ ဇွန်လအတွက် အခြေခံစံထားဈေးနှုန်းက ၁ ဒသမ ၃၇ ရာခိုင်နှုန်း  ကျဆင်း ကာ တစ်တန်ကို ၂၁၅၆ ရင်းဂစ် (၅၉၁ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။

   စားအုန်းဆီအကြမ်းတင်ပို့မှုကို  အခွန်ကောက်ခံရန် အင်ဒိုနီးရှားနိုင်ငံက  စီစဉ်ဆောင်ရွက်မှုကြောင့် စားအုန်းဆီ အများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားထံမှာ စား အုန်းဆီကြမ်းဝယ်ယူမှုမြင့်တက်လာပြီးနောက်ပိုင်း စားအုန်းဆီဈေးက မတ် ၂၃ ရက်မှာ တစ်တန်ကို ၂၂၀၈ ရင်းဂစ်နှုန်းထိမြင့်တက်လာတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ဒီ လိုမြင့်တက်မှုက ရေရှည်တော့မဖြစ်နိုင်ဘူးလို့  တချို့ကုန်သည်တွေကပြောပါတယ်။

   ''ဈေးအဖွင့်မှာတော့ ဈေးနှုန်းကတော်တော်မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် မတ် ၂၄ ရက်လောက်ကတော့ဆက်ပြီးတက်မလာသေးပါဘူး''လို့ မလေးရှားရှိ နိုင်ငံခြား ကုန် စည်ရောင်းဝယ်ရေးလုပ်ငန်းနဲ့ နီးစပ်သူ စားအုန်းဆီကုန်သည်တစ်ဦးကပြောပါတယ်။

   ကိန်းဂဏန်းအချက်အလက်တွေကိုအခြေခံပြီး ခန့်မှန်းမယ်ဆိုရင် ဈေးကွက်အပေါ်ဖိအားပေးမှုတွေရှိနေပြီး တစ်တန်ကို ရင်းဂစ် ၂၂၀၀ ထက်မကျော်နိုင်ကြောင်း သူကပြော ပါတယ်။

   မတ် ၂၅ ရက်က စုစုပေါင်းရောင်းချခဲ့တဲ့ ပမာဏက ၂၅ တန်ရှိ  အတွဲပေါင်း ၄၉၂၂၃ တွဲရှိခဲ့ပါတယ်။ ဒါကြောင့် ပျမ်းမျှရောင်းချရတဲ့အတွဲ ၃၅၀၀၀ နဲ့ အထက်များစွာ ပိုမိုနေ တာကိုတွေ့ရပါတယ်။

   အင်ဒိုနီးရှားနိုင်ငံက ပို့ကုန်ခွန်သုညရာခိုင်နှုန်းနဲ့တင်ပို့တဲ့ စားအုန်းဆီကြမ်း (Crude Palm Oil-CP) တစ်တန်အတွက် ဒေါ်လာ ၅၀ ကောက်ခံသွားဖို့ စီစဉ်ဆောင်ရွက်လျက် ရှိနေပါတယ်။ ဒီကောက်ခံငွေကို ဇီဝလောင်စာဆီအတွက် ထောက်ပံ့ကြေးပေးမယ့် ရန်ပုံငွေအဖြစ်ထားရှိသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို သမ္မတရဲ့ အတည်ပြုချက်ရယူဖို့လို ဦးမှာဖြစ်ပါတယ်။

   အခွန် (Levy) ကောက်ခံငွေကြောင့် ရေတိုမှာစားအုန်း ဆီကြမ်းဈေးကို မြင့်တက်စေမှာဖြစ်ကြောင်း၊ ပြည်တွင်းဇီ၀ လောင်စာဆီသုံးစွဲမှုကို  ထိခိုက်စေနိုင်ကြောင်း လေ့လာ ဆန်းစစ်သူတွေက ပြောပါတယ်။

   စားအုန်းဆီနဲ့ပြိုင်ဘက်သီးနှံဖြစ်တဲ့ ဟင်းရွက်ဆီဈေးကွက်မှာ မေလအတွက် အမေရိကန်ပြည်ထောင်စု ပဲပုပ်ဆီ စာချုပ်ဈေးက ၀ ဒသမ ၁၉ ရာခိုင်နှုန်းကျဆင်းပြီး တရုတ်နိုင်ငံ ဒါလီယံဈေးကွက်မှာ စက်တင်ဘာလအတွက် ပဲပုပ်ဆီဈေးက ၀ ဒသမ ၈၈ ရာခိုင်နှုန်းမြင့်တက်ပါတယ်။

ဉာဏ်တင်