ပို့ကုန်သွင်းကုန်အချိုးညီမှသာ ရေရှည်မှာစီးပွားရေးကောင်းမွန်နိုင်

   ပို့ကုန်သွင်းကုန် အချိုးဟန်ချက်ညီမျှရန်လိုအပ်ကြောင်း၊ ပို့ကုန်သွင်းကုန်အချိုးမညီပါက ကုန်သွယ်မှုလိုငွေပြမည်ဖြစ်ပြီး ရေရှည်မှာစီးပွားရေးထိခိုက်မှုဖြစ်လာနိုင်ကြောင်း၊ ဇန်န ဝါရီလ ၂၆ ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန် ကြားရေးမှူး ဦးမြင့်ကျော်က ပြောကြားပါတယ်။ မြဝတီရဲ့ ကုန်သွယ်မှုပမာဏကိုလေ့လာကြည့်လျှင် ပို့ကုန်သွင်းကုန်အချိုးများစွာကွာဟနေကြောင်း၊ လျာထားချက်အပေါ်ဆောင် ရွက်နိုင်မှုကိုကြည့်လျှင် ပို့ကုန် ၂၈ ရာခိုင်နှုန်း၊ သွင်းကုန် ၇၈ ရာခိုင်နှုန်းရှိနေပါကြောင်း၊ သွင်းကုန်ပိုင်းတဖြည်းဖြည်းတိုးတက်လာသော်လည်း ပို့ကုန်ပိုင်းကျဆင်းနေတာတွေ့နေ ရကြောင်း၊ ပို့ကုန်ပမာဏ သိသိသာသာလျော့ကျနေတာကို အချိန်မီကုစားနိုင်ရေး ဝိုင်းဝန်းစဉ်းစားအကြံပြုကြရန် လိုအပ်နေပြီဖြစ်ကြောင်း၊  ယခင်ကပို့ကုန်ရငွေရှိမှ သွင်း ကုန်ဆောရွက်ခွင့် ရှိခဲ့ချိန်က ပို့ကုန်ပမာဏတန်ဖိုးမြင့်မားခဲ့သော် လည်း ထိုစနစ်ဖျက်သိမ်းပြီး နောက်ပိုင်း ပို့ကုန်တန်ဖိုးတဖြည်းဖြည်း လျော့နည်းလာတာကိုတွေ့ရှိရကြောင်း၊ သွင်းကုန်တင်သွင်းနိုင်သလို ပို့ကုန်ပိုင်းလည်းများများတင်ပို့နိုင်ရေး End User အထိနဲ့ ချိတ်ဆက်ရန် လိုအပ်မည်ဖြစ်ကြောင်း စခန်းတာဝန်ခံက ရှင်းလင်းအသိပေးပြောကြားခဲ့ ပါတယ်။

   တရုတ်နယ်စပ်မှာဆိုလျှင် တရုတ်လယ်သမားအကျိုးကာကွယ်ရန် ဆန်တင်ပို့မှုအပေါ် သွင်းကုန်အခွန်နှုန်းများ မြှင့်ထားတဲ့အတွက် ဈေးကွက်မှာယှဉ်ပြိုင်နိုင်ခြင်းမရှိကြောင်း၊ ဒါ ကို အစိုးရချင်း ချိတ်ဆက်ဆောင်ရွက်နိုင်တဲ့အတွက် ယခုအခါ  မိမိနိုင်ငံမှ ကုမ္ပဏီ ကိုးခုတရားဝင်တင်ပို့ ဆောင်ရွက်ခွင့်ရသွားပြီဖြစ်ကြောင်း၊ မြဝတီဒေသဟာ ရှောင်ကွင်းလမ်း များပြားခြင်း၊ ပို့ကုန်ပစ္စည်းအများစုဟာလည်း နှစ်ရာခိုင်နှုန်းအခွန်ရှောင်တိမ်းလို၍ ရှောင်ကွင်းလမ်းမှသာသွားလာနေကြခြင်းဖြစ်ရာ တရားမဝင်သွားလာနေမှုများအား လက်တွဲခေါ်ယူသွားရန်လိုအပ်ကြောင်း၊ သို့မှသာ ကုန်သွယ်မှုလည်းတက်လာမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

MIRT (DCCA)