ဒေသတွင်းထွက်ကုန်နည်းပါးသော်လည်း မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏလျာထားချက်ပြည့်မီအောင်ဆောင်ရွက်နိုင်

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသည် ဒေသတွင်းကုန်ပစ္စည်းထွက်ရှိမှု နည်းပါးသော်လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏလျာထားချက် ပြည့်မီအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ အခြားမြို့နယ်များမှ မှာယူပြီး ကုန်သည်လုပ်ငန်းရှင်များက ကြိုးစားလုပ်ကိုင်ဆောင်ရွက် ကြသဖြင့် ကုန်သွယ်မှုရလဒ် ကောင်းများ ရရှိခဲ့ခြင်းဖြစ်ကြောင်း မတ် လ ၃၀ ရက်နေ့ကပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ တာဝန်ရှိသူများက ပြောကြားခဲ့ တာဖြစ်ပါတယ်။

   ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပို့ ကုန်ကန်ဒေါ်လာ ၇ ဒသမ ၆၆၆ သန်း၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ၁၀၆ သန်းနဲ့ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၇ ဒသမ  ၇၇၂ သန်းဆောင်ရွက် နိုင်ခဲ့ပါတယ်။မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့အများဆုံးပို့ကုန်များမှာ မန်ကျည်းသီး(အစေ့ပါ)၊ ဆီးသီးခြောက်၊ ပုစွန်၊ ငါးခြောက်၊ဝါး၊ သနပ်ခါးခဲ တို့ဖြစ်ကြပြီး သွင်းကုန်များမှာ ဘိလပ် မြေ၊ ဒန်ရေတကောင်း၊ တီရှပ်၊ ပလတ် စတစ်လက်ဆွဲပုံး၊ ရေတုံကင်နဲ့ စွပ် ကျယ်ပိတ်များဖြစ်ကြပါတယ်။

   လာမယ့် ဘဏ္ဍာနှစ်မှာလည်း ကုန်သွယ်မှုပိုမိုတိုးတက်ဆောင်ရွက်သွားဖွယ်ရှိပြီး ဧပြီလဆိုလျှင် ရေငန်ပုစွန်စတင်ထွက်ရှိတော့မှာဖြစ်လို့ ပုစွန်ထွက်ရှိမှုမြင့်မားလာတာနဲ့အမျှ တင်ပို့မှုလည်းတက်လာတော့မှာဖြစ်ပါတယ်။ ကုန်သွယ်မှုပမာဏလျာထားချက်ပြည့်မီကျော်လွန်ရေးမှာ ရေထွက်ကုန်ပစ္စည်းတင်ပို့နိုင်မှုက အဓိကအထောက်အကူပြုတယ်လို့ သိရပါတယ်။

မြင့်မြင့်မာ