K-pop Concert များနှင့် တီဗွီအစီအစဉ်များကြောင့် ကိုရီးယားယဉ်ကျေးမှုပို့ကုန် စံချိန်သစ်တင်

   ကိုရီးယားသမ္မတနိုင်ငံ၏  ယဉ်ကျေးမှုနှင့်ဆက်စပ်သော ကုန်သွယ်မှုစာရင်းရှင်းတမ်းသည် ၁၂ နှစ်ဆက်တိုက် ကုန်သွယ်မှုလိုငွေပြနေခဲ့ရာမှ ယခုနှစ်တွင် ပထမဦးဆုံးအကြိမ် ကုန်သွယ်မှုပိုငွေ (Trade Surplus) ပြလာခဲ့သည်။ အကြောင်းရင်းမှာ Korea K-pop concerts များ ပြည်ပနိုင်ငံများတွင်သွားရောက်ဖျော်ဖြေကြခြင်းနှင့် ကိုရီးယား တယ်လီဗေး ရှင်းအစီအစဉ် များကို ပြည်ပသို့တင်ပို့ရောင်းချခဲ့ကြ ခြင်းတို့ကြောင့်ဖြစ်သည်။

   ကိုရီးယားဗဟိုဘဏ်က ထုတ် ပြန်သောစာရင်းများအရ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ  အောက်တိုဘာလအထိ ယဉ်ကျေးမှုနှင့်ဆက်နွှယ်သည့် ထုတ်ကုန်များနှင့်  ဝန်ဆောင်မှုများ အား ပြည်ပသို့တင်ပို့ရောင်းချသည့်တန်ဖိုးသည် ဒေါ်လာ ၇၆၇ ဒသမ ၂ သန်းဖိုး ရှိကြောင်းနှင့် ယခင်နှစ်ပို့ကုန်တန်ဖိုး ဒေါ်လာ ၇၃၀ ဒသမ ၉ သန်းထက်ကျော်သွားခဲ့ကြောင်း  သိရှိရသည်။ ကျန်းမာရေး၊  ပညာရေး၊ ရုပ်ရှင်ကားများနှင့် တယ်လီဗေးရှင်း အစီအစဉ်များသည် ကိုရီးယားနိုင်ငံအတွက် ပြည်ပဝင်ငွေအားဖြည့်ပေးရာတွင်သိသာထင်ရှားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ကြသည်။

   ယဉ်ကျေးမှုဆက်စပ်သော ကုန်သွယ်မှုသည် ၂၀၁၁ ခုနှစ်အတွင်း ကုန် သွယ်မှုပိုငွေ ဒေါ်လာ ၁၉ဒသမ ၈ သန်း ရှိခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် ဒေါ် လာ ၄၂ ဒသမ ၄ သန်း၊ သို့သော် ၂၀၁၃ ခုနှစ်တွင် ကုန်သွယ်မှုလိုငွေပြခဲ့သည်။ ယခင်နှစ်က ယဉ်ကျေးမှုပို့ကုန်တန်ဖိုးတက်ခဲ့သော်လည်း သွင်းကုန်တန်ဖိုး ဒေါ်လာ ၈၃ ဒသမ ၈ သန်းဖြစ်ခဲ့၍ ကုန် သွယ်မှု လိုငွေပြခဲ့သည်။၂၀၁၄ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလအထိတွင်မူ ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၃ သန်းရရှိလာခဲ့သည်။ လတ်တလော SBS ရုပ်သံတွင် ပြသနေသည့် Pinocchio ရုပ်သံစီးရီးအား တရုတ်နိုင်ငံသို့ ဇာတ်ဝင်ခန်းတစ်ပိုင်း (one episode) လျှင် ဒေါ်လာ ၂၈၀,၀၀၀ ဖြင့်ရောင်းချနိုင်ခဲ့သည်။ ယင်းပမာဏသည် My love from the Star စီးရီးအား ရောင်းချခဲ့သည့် တန်ဖိုးဒေါ်လာ ၃၅,၀၀၀ ၏ရှစ်ဆရှိသည်။ ယင်းကဲ့သို့  ကိုရီးယားရုပ်သံစီးရီးများ တရုတ်နိုင်ငံတွင်းသို့ တိုးတက်ရောင်းချလာနိုင်ခြင်းသည် ကိုရီးယား Celebrities များအတွက် တရုတ်နိုင်ငံတွင် ထင်ရှားကျော်ကြားရန် အခွင့်အရေးကောင်းတစ်ခုလည်းဖြစ်ပေသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဆိုးလ်မြို့