တရုတ်အနောက်တောင်ပိုင်းတွင် နှင်းမုန်တိုင်းကျရောက်၊ လယ်မြေများစွာပျက်စီးဆုံးရှုံးပြီး ကျွဲနွားကောင်ရေရှစ်ထောင်ကျော် သေကျေပျက်စီး

  တရုတ်နိုင်ငံအနောက်တောင်ပိုင်းနှင့်အရှေ့ မြောက်ပိုင်းတို့တွင် နှင်းမုန်တိုင်းများကျရောက်ခဲ့မှုတို့ကြောင့် အဝေးပြေးလမ်းမကြီးများတွင် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ ရကြောင်းဖြင့် ဆင်ဟွာ သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။

   တရုတ်နိုင်ငံတောင်ပိုင်းဒေသများရှိ အဝေး ပြေးလမ်းမကြီး ၁၀ ခုကို အပိုင်းလိုက်ပိတ်ထားခဲ့ရပြီး နောက်ထပ်အဝေးပြေးလမ်းမကြီးခုနစ်ခုကိုမူ လုံးဝပိတ်ထားခဲ့ရကြောင်းဖြင့် Liaoning  ပြည်နယ်မှ ဒေသဆိုင်ရာပို့ဆောင်ရေးအာဏာပိုင်များက ထုတ်ဖော်ပြောကြားခဲ့ သည်။

   ထို့ပြင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသများတွင်လည်း နှင်းမုန်တိုင်းများတိုက်ခတ်ခဲ့ရာ ယူနန်ပြည်နယ်တွင် စီးပွားရေးလုပ်ငန်းများ၊ လူမှုရေးဆိုင်ရာလုပ်ငန်းများ  အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်းဖြင့် ဒေသဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့သည်။

   ယူနန်ပြည်နယ်တွင် နှင်းမုန်တိုင်းကျရောက်မှုကြောင့် လူပေါင်းခြောက်သိန်းခန့် ထိခိုက်ခဲ့ရပြီး လယ်မြေဧကဟက်တာပေါင်း ၃၆၀၀၀ ကျော်မှာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

   ထို့ပြင် နှင်းမုန်တိုင်းကျရောက်မှုအရှိန်ကြောင့် နေအိမ် ၆၄လုံးပြိုကျ ပျက်စီးခဲ့ရပြီး ကျွဲ နွားကောင်ရေပေါင်း ၈၁၀၀ ကျော်လည်း သေ ကျေပျက်စီးခဲ့ရကြောင်း  ဆင်ဟွာ သတင်း ဌာနက ထုတ်ဖော်ရေးသားခဲ့သည်။

   လမ်းများနှင့် ရေပေးဝေမှုစနစ်များလည်း ထိခိုက်ပျက်စီးခဲ့ရပြီး လျှပ်စစ်ဓာတ်အားပေးရေးစနစ်များနှင့် ဆက်သွယ်ရေးစနစ်များလည်း ပြတ်တောက်ခဲ့ရသည်ဟုဆိုသည်။

   နှင်းမုန်တိုင်းကျရောက်မှုကြောင့် စီးပွားရေးအရ တိုက်ရိုက်ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရမှုများမှာ ယွမ်သန်းပေါင်း ၈၇၀ (အမေရိကန်ဒေါ်လာ ၁၄၂ သန်း) ရှိခဲ့ကြောင်းဖြင့် အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

မယ်သီတာ