စားအုန်းဆီတင်သွင်းရန် ထိုင်းနိုင်ငံအစိုးရအဖွဲ့အတည်ပြု

   ထိုင်းနိုင်ငံက စားအုန်းဆီတန်ချိန် ၅၀,၀၀၀ တင်သွင်းရန် အဆိုပြုချက်ကို အစိုးရအဖွဲ့၏ ဇန်နဝါရီ ၂၀ ရက်နေ့ကကျင်းပခဲ့သော အစည်းအဝေး၌အတည်ပြုခဲ့ကြောင်းသိရှိရပါ သည်။ ပြည် တွင်းဆီအုန်း စိုက်ပျိုးသူများအတွက် ဈေးနှုန်းထိုးကျခြင်းမှ ကာကွယ်ရန် ဆီအုန်းသီးအစို အနည်းဆုံးဈေးနှုန်းကိုလည်းသတ်မှတ်ပေးမည်ဖြစ်ပါသည်။

   ထိုင်းနိုင်ငံအနေဖြင့် ယခုလနှင့် လာမည့်လအကြား စားအုန်းဆီပြတ်လပ်မှုကို ရင်ဆိုင်ရဖွယ်ရှိသောကြောင့် စားအုန်းဆီတင်သွင်းရန် အဆိုပြုချက်ကို အမျိုးသားစားအုန်းဆီ မူဝါဒကော်မတီ (NOPPC) မှတင်ပြခဲ့ခြင်းဖြစ်ပါသည်။ စားအုန်းဆီသိုလှောင် လက်ကျန်ထားရှိမှုသည် ပုံမှန်မဟုတ်ဘဲ တန်ချိန် ၁၁၃,၀၀၀ သာရှိသောကြောင့် စားအုန်း ဆီ ပြတ်လပ်မှု ဖြစ်ပေါ်နိုင်ပါသည်။ ပုံမှန်အားဖြင့် သိုလှောင်လက်ကျန်ထားသည့် စားအုန်းဆီတန်ချိန် ၁၇၀,၀၀၀ ခန့်ရှိတတ်ကြောင်းသိရှိရပါသည်။

   စားအုန်းဆီပြတ်လပ်မှု ပြဿ    နာကို ဖြေရှင်းရန် ပြီးခဲ့သည့် ရက် သတ္တပတ်၌ ကျင်းပခဲ့သည့် NOPPC ၏ အစည်းအဝေးတွင် စားအုန်းဆီ သိုလှောင်လက်ကျန်ထားရှိမှုသည် တန်ချိန် ၆၀,၀၀၀ - ၇၀,၀၀၀ သို့ ကျဆင်းခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီးမှ ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

  စာရင်းသစ်အရ သိုလှောင်ထားသောစားအုန်းဆီပမာဏသည်တန်ချိန် ၁၁၃,၀၀၀ဖြစ်သောကြောင့် အလွန်ဆိုးရွားသောအခြေအနေမဟုတ်ကြောင်း အစိုးရ၏ ဒုတိယပြောရေး ဆိုခွင့်ရှိသူ Maj Gen Sansern က ပြောကြားခဲ့ပါသည်။ ယခင် စားအုန်းဆီပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် သိမ်းဆည်း သိုလှောင်ခြင်းနှင့် ဈေးနှုန်းကစားသည့် ပြဿ    နာများ ကို ဖြစ်ပေါ်စေခဲ့ပါသည်။ ပုံမှန်အားဖြင့် စားအုန်းဆီနှင့်ဆက်နွယ်လျက်ရှိသော ထုတ်ကုန်များဈေးနှုန်းမြင့် တက်ခြင်းနှင့်အတူ ဈေးကစားခြင်းများပေါ်ပေါက်လေ့ရှိသည်။ စားသောက်ကုန်များမှသည် အိမ်သုံးပစ္စည်းများအထိ ထုတ်ကုန်များတွင် စားအုန်းဆီ ပါဝင်ကြောင်း သိရှိရပါသည်။

   ပြည်တွင်းမှ ထွက်ရှိသော ဆီအုန်းဈေးနှုန်းများ ကျဆင်းမှုမှ ကာကွယ်ရန် အနည်းဆုံးဈေးနှုန်းကို တစ်ကီလိုဂရမ်လျှင် ၅ ဘတ် သတ်မှတ်ရန် အစိုးရမှ သဘောတူ ပြီးဖြစ်ပါသည်။လောလောဆယ်တွင် ဆီအုန်းဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ၅ ဒသမ ၅ ဘတ်မှ ၆ ဘတ်အကြားဖြစ်ပါသည်။ သို့ရာတွင် အစိုးရ၏ စားအုန်းဆီတင်သွင်း မည့်အစီအစဉ်ကို အသိပေးကြေညာလိုက်သည်နှင့် ဆီအုန်းဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် သုည ဒသမ ၄ ဘတ် ကျဆင်းသွားပါသည်။ စားအုန်းဆီတင်သွင်းမှုကို ဖေဖော် ဝါရီလလယ် နောက်ဆုံးထား၍ အပြီးတင်သွင်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဘန်ကောက်မြို့