ဆန်အမြောက်အမြားပိုလျှံနေခြင်းကို တိုက်ဖျက်ရန်ထုတ်လုပ်မှုလျှော့ချခြင်း

   ထိုင်းနိုင်ငံသည် ပြည်တွင်း၌ ဆန်ပိုလျှံမှုကို လျှော့ချရန်နှင့် ဈေးနှုန်းများမြှင့်တင်နိုင်ရန်အတွက်ထုတ်လုပ်မှုလျှော့ချရန်စီစဉ်လျက်ရှိပါသည်။ လယ်သမားများအနေဖြင့် စပါးအစား ကြံပြောင်းလဲစိုက်ပျိုးစေရေး အတိုးနှုန်းသက်သာသော ချေးငွေအပါအဝင် မက်လုံးများဖြင့် တိုက်တွန်းအားပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

   အစားထိုးသီးနှံများ စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ အကောင်းဆုံးနည်းပညာများကို စိုက်ပျိုးသူများအားသင်ကြားပေးနိုင်ရန် ကြိုးပမ်းမည်ဆိုပါက အောင်မြင်နိုင်မှု ရာခိုင်နှုန်းများ မည်ဖြစ်ကြောင်း၊ သီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံအများစုသည် စပါးထက်စွန့်စားရမှုများသောကြောင့် လယ်သမားများအား စွန့်စားရမှုဆိုင်ရာ စီမံဆောင်ရွက်မှုနည်း လမ်း များကို ပံ့ပိုးပေးရန် အရေးကြီးကြောင်း ဘန်ကောက်အခြေစိုက်ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) မှ စီးပွားရေးပညာရှင် Mr. David Dawe ကပြောကြားခဲ့ပါသည်။

   ပြည်တွင်းစားသုံးမှု၊ ပြည်တင်ပို့မှုတို့နှင့် ဟန်ချက်ညီစေရန် စပါးထုတ်လုပ်မှုကို လျှော့ချရန်ရည်ရွယ်ထားကြောင်း လယ်ယာစိုက်ပျိုးရေး ဒုတိယဝန်ကြီး Mr. Apichat က ပြော ကြားခဲ့ပါသည်။ ဆန်ထုတ်လုပ်မှုကို ၂၀၁၆-၂၀၁၇ သီးနှံရာသီတွင် တန်ချိန် ၃၃.၇ သန်းအထိ လျှော့ချရန် ရည်မှန်းထားပါသည်။ ပျမ်းမျှအားဖြင့် ပြီးခဲ့သည့် (၆) နှစ်အတွင်း ဆန် ထုတ်လုပ်မှုသည် တန်ချိန် ၃၅.၁ သန်းရှိခဲ့ပါသည်။

   အစိုးရအနေဖြင့် စိုက်ပျိုးမြေ ရိုင် (ဝ.၄ ဧကခန့်) ၄၀၀၀၀၀ ၌ ခြောက်သွေ့ရာသီအတွင်း စပါးစိုက်ပျိုး ခြင်းမပြုရန် ရည်ရွယ်ထားသည့် တန်ချိန် ၃၃.၇ သန်းသည် ၂၀၀၉-၂၀၁၀ ရာသီ၌ ထွက်ရှိခဲ့သည့် ပမာဏခန့် ဖြစ်ကြောင်း၊ ခန့်မှန်းထားသည့် ပိုလျှံမှုသည် ၂၀၁၆-၂၀၁၇ ရာသီ၌ တန်ချိန် ၁.၁ သန်းသို့ လျော့နည်းသွားမည် ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ရာသီ တွင် တန်ချိန် ၂ သိန်းအထိကျဆင်းသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဘန်ကောက်မြို့