ဆိုက်ဘာတိုက်ခိုက်မှုများကြောင့် စင်ကာပူတွင် ကုန်ကျစရိတ်များမြင့်တက်

   ဆိုက်ဘာတိုက်ခိုက်မှုကိုခံရတဲ့အတွက် ဒေတာများပျောက်ဆုံးမှု သို့မဟုတ် Download လုပ်ရတဲ့ အချိန်ကြာမြင့်မှုစတဲ့ အသုံးစရိတ်တွေကြောင့် ယခင်နှစ်က စင်ကာပူ ကုမ္ပဏီတွေရဲ့ ဆုံးရှုံးမှုက စင်ကာပူဒေါ်လာ ၂ ဘီလီယံထိရှိခဲ့ကြောင်း Today ဝက်ဘ်ဆိုက်သတင်းမှာဖော်ပြထားပါတယ်။

   ဆိုက်ဘာတိုက်ခိုက်မှုတွေက  ပိုမိုရှုပ်ထွေးပြီး ခက်ခဲနက်နဲလာတဲ့အတွက် အာမခံကုမ္ပဏီများက ဆိုက်ဘာတိုက်ခိုက်မှုတွေကနေ ကာကွယ်မှုတွေကို စတင်ဆောင်ရွက်ပေး လာကြပါတယ်။ စုံစမ်းထောက်လှမ်းမှုလုပ်ငန်းနဲ့ အတည်ပြုပေးတဲ့လုပ်ငန်းတွေအပါအဝင် အာမခံလုပ်ငန်းကို အရှိန်မြှင့်ဆောင်ရွက်ပေးနေပေမယ့် အန္တရာယ်ကို သိမြင်နားလည် မှုမရှိခြင်း၊ လုံခြုံရေးခြိမ်းခြောက်မှုအန္တရာယ်ကို လျှော့တွက်ခြင်းနဲ့ လုံခြုံမှုဒီဇိုင်းရေးဆွဲရာမှာ ရှေ့ကဖြစ်ခဲ့ဖူးတဲ့ အစဉ်အလာကို သိမြင်မှုနည်းပါးနေခြင်းစတဲ့ အချက်တွေကြောင့် အဟန့်အတားတွေနဲ့ ကြုံတွေ့နေရပါတယ်။

   စင်ကာပူမှာ မကြာသေးမီနှစ်များအတွင်းက အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍနှစ်ခုစလုံးမှာ အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ အဆက်မပြတ်တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် အာမခံ လုပ်ငန်းတွေအနေနဲ့ ကမ်းလှမ်းထားတဲ့ပေါ်လစီတွေကို လက်ခံကျင့်သုံးတဲ့ အရေအတွက်တိုးတက်နှုန်းကနည်းနေဆဲဖြစ်ပါတယ်။ ဆိုက်ဘာကနေ လျှို့ဝှက်တိုက်ခိုက် မှုတွေကြောင့် ၂၀၁၄ ခုနှစ်အတွင်းမှာ စီးပွားရေးလုပ်ငန်းတွေရဲ့ ၆၆ ရာခိုင်နှုန်းကဒေတာဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရပြီး ခန့်မှန်းခြေ စင်ကာပူဒေါ်လာ ၁ ဒသမ ၉ ဘီလီယံထိ ရှိခဲ့ကြောင်း စင်ကာပူငွေကြေး အာဏာပိုင်အဖွဲ့ (Monetary Authority of   Singapore-MAS) ရဲ့ ပြောရေးဆိုခွင့်ရှိသူက Today ကိုပြောပါတယ်။

   ဆိုက်ဘာအာမခံလုပ်ငန်းတွေကို  ဆောင်ရွက်ရာမှာ အာမခံလုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေဖို့နဲ့ ဆိုက်ဘာအန္တရာယ်တွေကို စီမံခန့်ခွဲထိန်းသိမ်းနိုင်ဖို့ အတွက် အာဏာပိုင်အဖွဲ့က အာမခံလုပ်ငန်းနဲ့ပူးတွဲပြီး ဆိုက်ဘာအန္တရာယ်တွေကို ထောက်လှမ်းနိုင်မယ့် Test Bed  ကိုထူထောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါ တယ်။ ဒီလိုတိုက်ခိုက်မှုတွေ ရှိနေပေမယ့် ဆိုက်ဘာအာမခံလုပ်ငန်းက သေးငယ်နေဆဲဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြည့်ရင် ဆိုက်ဘာအာမခံ လုပ်ငန်းက အမေရိကန်ဒေါ်လာ သန်း ၆၀၀ နဲ့ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအတွင်းမှာသာရှိခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၃ ခုနှစ်က ကောက်ယူခဲ့တဲ့စစ်တမ်းအရ ဆိုက်ဘာ အာမခံထားတဲ့ကုမ္ပဏီက တစ်ကမ္ဘာလုံးမှာ ၃၁ ရာခိုင်နှုန်းသာရှိပါတယ်။

ဉာဏ်တင်