ထိုင်းဘဏ်များရဲ့ လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းပေမယ့်တည်ငြိမ်မှုရှိ

   ငွေထုတ်ချေးတဲ့ လုပ်ငန်း၊ လုပ်ငန်းဆောင်ရွက်မှု အကျိုးအမြတ်နဲ့ စားသုံးသူချေးငွေအရည်အသွေးကျဆင်းခဲ့ပေမယ့် ထိုင်းဘဏ်စနစ်ရဲ့ တည်ငြိမ်မှုကို ၂၀၁၄ ခုနှစ်က ထိန်း သိမ်းနိုင်ခဲ့တယ်လို့ ထိုင်းဗဟိုဘဏ်ကပြောကြောင်း နေးရှင်းသတင်းမှာဖော်ပြထားပါတယ်။ ထောက်ပံ့ကြေးငွေ နဲ့ မတည်ရင်းနှီးမှုရန်ပုံငွေမြင့်မားမှုက စီးပွားရေးတည်ငြိမ် မှုကို အထောက်အကူပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၁၂ ရက် ကထုတ်ပြန်တဲ့ ဗဟိုဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။

   ချေးငွေဖွံ့ဖြိုးတိုးတက်မှုက ၂၀၁၃ခုနှစ်မှာ ၁၁ ရာခိုင် နှုန်းရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်မှာ ၅ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုးကျဆင်းခဲ့ပါတယ်။ စားသုံးသူချေးငွေက စုစုပေါင်းချေးငွေရဲ့ ၃၁ ဒသမ ၁ ရာခိုင်နှုန်း ရှိပါတယ်။ မော်တော်ကားချေးငွေ၊ တစ်သီးပုဂ္ဂလချေးငွေနဲ့ အကြွေးကတ်ချေးငွေတွေကျဆင်းတဲ့အတွက် စားသုံးသူချေးငွေက ၇ ဒသမ ၄ ရာခိုင်နှုန်းသာ တိုးတက်မှုရှိခဲ့ပါတယ်။ ထိုင်းဘဏ်တွေ ပြန်မဆပ်နိုင်တဲ့ ကြွေးက နှစ်အလိုက် ဘတ် ၁၁ ဒသမ ၅ ဘီလီယံမြင့်တက် ပြီး ဘတ် ၂၇၇ ဒသမ ၂ ဘီလီယံထိ  ရောက်ရှိခဲ့ပါတယ်။ ဒီပမာဏက ကြွေးကျန်စုစုပေါင်းရဲ့ ၂ ဒသမ ၁၅ ရာ ခိုင်နှုန်း ရှိပါတယ်။

  ဒါပေမယ့် စားသုံးသူချေးငွေထဲက ကြွေးပြန်မဆပ်နိုင်တဲ့ပမာဏက ၂ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ အဓိကအားဖြင့် မော်တော်ကားချေးငွေ၊ တစ်သီး ပုဂ္ဂလိ က ချေးငွေနဲ့ အကြွေးကတ်ချေးငွေတွေရဲ့ ပျက်ကွက်မှုကြောင့်ဖြစ်ပါတယ်။ ထောက်ပံ့ကြေးငွေပမာဏက  ၂၀၁၄ ခုနှစ် အကုန်မှာ ပြန်ဆပ်ဖို့ ပျက်ကွက်တဲ့ချေးငွေရဲ့ ၁၆၉ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

ဉာဏ်တင်