စင်ကာပူစတော့အိတ်ချိန်း၌ ရိုးမဦးပိုင်လီမိတက်၏ ရှယ်ယာဈေးနှုန်းများမြင့်တက်

   မြန်မာနိုင်ငံအခြေစိုက် ရိုးမဦးပိုင်လီမိတက်အနေဖြင့် ရန်ကုန်မြို့လယ်ရှိ မြန်မာ့မီးရထားရုံးချုပ်အဆောက်အအုံဟောင်းကို ကြယ်ငါးပွင့်အဆင့်ဟိုတယ်အဖြစ် ပြောင်းလဲလုပ် ကိုင်နိုင်ရန်အတွက် ငှားရမ်းမှုစာချုပ်သက်တမ်း တိုးမြှင့်ခွင့်ရရှိခဲ့ခြင်းက စင်ကာပူစတော့အိတ်ချိန်းဈေးကွက်၌ ၎င်း၏ရှယ်ယာဈေးနှုန်းများအား မြင့်တက်စေခဲ့ကြောင်း စင်ကာ ပူနိုင်ငံရှိ သတင်းဌာနများကဖော်ပြခဲ့ကြပါသည်။

   မိမိတို့ကုမ္ပဏီလီမိတက်မှ အစု ရှယ်ယာ ၈၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားရှိသော  Meeyahta International Hotel အနေဖြင့် မြန်မာ့မီးရထားရုံးချုပ်အဆောက်အအုံဟောင်းကို BOT စနစ်ဖြင့် ကြယ်ငါးပွင့်အဆင့်ရှိ ပင်နီစူလာ- ရန်ကုန်ဟိုတယ်အဖြစ်ပြောင်းလဲလုပ်ကိုင်ရာတွင် မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ငှားရမ်းမှုသက်တမ်း တိုးမြှင့်ခြင်းကို ခွင့်ပြုရန်အတည်ပြုကြောင်း ၂၀၁၅ ခုနှစ် မတ်လ ၁၀ နေ့ရက်စွဲဖြင့် အကြောင်းကြားစာအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှလက်ခံရရှိခဲ့ကြောင်း၊ ၎င်း တို့ကုမ္ပဏီအနေဖြင့်  ငှားရမ်းမှုစာချုပ်သက်တမ်းတိုးမြှင့်ရန် လိုအပ်သောအဆင့်များကို ရထားပို့ဆောင်ဝန်ကြီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ရိုးမ ဦးပိုင်လီမိတက်၏ ဒါရိုက်တာအဖွဲ့မှ မတ်လ ၁၁ ရက်နေ့၌သတင်းထုတ်ပြန်ခဲ့ပါသည်။ ဤသို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံသူအများအပြားမှ ရိုးမလီမိတက်၏ ရှယ် ယာများအား ဝယ်ယူမှုမှာရုတ်ချည်းမြင့်တက်ခဲ့ပြီး ရှယ်ယာဈေးနှုန်းမှာလည်း ၂၀၁၅ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် အစုတစ်စုလျှင် စင်ကာပူဒေါ်လာ သုည ဒသမ ၄၄ အထိ ပြန်လည်မြင့်တက်လာခဲ့ပါသည်။ ဤပမာဏမှာ ယခင်ဈေးနှုန်း အပေါ် ၁၂ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခြင်းဖြစ်ပြီး စင်ကာပူစတော့အိတ်ချိန်းဈေးကွက်၌ တစ်ရက် အတွင်းရိုးမဦးပိုင်လီမိတက်၏ အစုရှယ်ယာများလွှဲပြောင်းရောင်းဝယ်မှုမှာ စင်ကာပူဒေါ်လာ ၂၆ ဒသမ ၅ သန်းခန့်ရှိရာ အဆိုပါနေ့ရက်၌ SGX တွင် ရှယ်ယာရောင်းဝယ်မှု သတ္တမမြောက်အများဆုံးဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

   ရန်ကုန်မြို့၌ နိုင်ငံတကာအဆင့်မီဟိုတယ်များနည်းပါးပြီး အခန်းငှားရမ်းခနှုန်းထားများမြင့်မားမှုရှိနေခြင်းကြောင့် စီးပွားရေးလုပ်ငန်းကဏ္ဍများစွာအနက် ဟိုတယ်လုပ်ငန်းမှာ ဆွဲဆောင်မှုအကောင်းဆုံးဖြစ်ကြောင်း၊ ပင်နီစူလာ-ရန်ကုန်ဟိုတယ် စီမံကိန်းနှင့်ပတ်သက်၍ ယခုသတင်းမှာရိုးမကုမ္ပဏီလီမိတက်အတွက် အပြုသဘောဆောင်သည့် အချက်ဖြစ်ကြောင်း၊ စီမံကိန်းတည်နေရာမှာ ရန်ကုန်မြို့၏ အချက်အချာကျသည့်နေရာတွင်ရှိသဖြင့် တည်ဆောက်ပြုပြင်မှုပြီးစီးချိန်တွင် လုပ်ငန်းသင့်တင့်ကောင်းမွန်စွာလုပ် ကိုင်နိုင်မည်ဟုမျှော်လင့်ရကြောင်း၊ မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသူများအနေဖြင့် နှစ် ၅၀ ငှား ရမ်းမှုပြုနိုင်ပြီး ၁၀နှစ်စီ သက်တမ်းနှစ်ကြိမ်တိုးခွင့် ရနိုင်ကြောင်း၊ သို့ရာတွင် ရိုးမဦးပိုင်လီမိတက်၏ကြေညာချက်တွင် ငှားရမ်းမှုကာလမည်မျှကြာမြင့်စွာသက်တမ်းတိုးခွင့်ရသည်ကို တိကျစွာဖော်ပြထားခြင်းမရှိကြောင်း စသည်ဖြင့် စင်ကာပူအခြေစိုက် အိမ်ရာမြေအတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သည့် REMS Advisors လီမိတက်မှ အမှုဆောင်အရာရှိချုပ် Mr. Tan Kok Keong ၏ ပြောကြား ချက်ကို Channel NewsAsia သတင်းဌာနမှ ဖော်ပြခဲ့ပါသည်။

   ရိုးမဦးပိုင်လီမိတက်အနေဖြင့် ၂၀၁၅ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ကုမ္ပဏီ၏ ထိပ်ပိုင်းစီမံခန့်ခွဲရေးတာဝန် နေရာများ၌ ပြောင်းလဲမှုအချို့ပြုလုပ်ခဲ့ရာ လုပ်ငန်းစု၏ အထွေထွေ မန်နေဂျာဖြစ်သူ Jeremy Noel Westmore နှင့် အိမ်ရာမြေလုပ်ငန်း၏ ပူးတွဲအကြီးအကဲ Elmar Heinrich Antonius Busch တို့ကို ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဆောင် ရွက်နိုင်ရန် တာဝန်မှ နှုတ်ထွက်ခွင့်ပြုခဲ့ပြီး ဒေါ်သီရိသန့်မွန်အားကော်ပိုရိတ်ဖွံ့ဖြိုးတိုးတက်ရေးဌာန၏အကြီးအကဲအဖြစ် တာဝန်ယူဆောင်ရွက်စေလျက်ရှိကြောင်းသိရှိရပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ စင်ကာပူမြို့