မြန်မာနိုင်ငံပညာရေးဝန်ဆောင်မှု နယ်ပယ်၌ စင်ကာပူလုပ်ငန်းရှင်များမှ ဖက်စပ်လုပ်ငန်းလုပ်ကိုင်

   မြန်မာနိုင်ငံ၏ ပညာရေးဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်၌ စင်ကာပူကုမ္ပဏီများမှ ဖက်စပ်လုပ်ငန်းတည်ထောင်၍ စတင်ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း စင်ကာပူနိုင်ငံ ထုတ် နေ့စဉ်သတင်းစာများကဖော်ပြခဲ့ကြပါသည်။ စင်ကာပူနိုင်ငံတွင် ဌာနချုပ်ရုံးဖွင့်လှစ်ထားရှိသည့် Modern Montessori International လီမိတက် (MMI) သည်မြန်မာနိုင်ငံ ၌ စင်ကာပူပညာရေးလေ့ကျင့်မှုအကယ်ဒမီ (Singapore Education Training Academy Co., Ltd.) အမည်ဖြင့် ဖက်စပ်ကုမ္ပဏီဖွဲ့စည်းလျက် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၌ မူလတန်းကြိုကျောင်း တစ်ခုကို မတ်လ ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပါသည်။ အဆိုပါ ဖက်စပ်လုပ်ငန်းကို စင်ကာပူဘက်မှလုပ်ငန်းရှင် Mr.Kalimu-thu Ponnus- amy နှင့် မြန်မာဘက်မှ ဦးစိုးမြင့် (ခ) Mr.Singaroo တို့၏ ဦးဆောင်မှုဖြင့် အစုအစပ် ၅၀ ရာခိုင်နှုန်းစီထည့်ဝင်လျက် ကနဦးရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၅ သိန်းဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ MMI မှပြောဆိုချက်အရလာမည့် ဧပြီလမှစတင်၍ ဤမူလတန်းကြိုကျောင်း၌ သင်တန်းများဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ ပထမ သုတ်အနေဖြင့် ကျောင်းသားဦးရေ ၁၀၀ ကိုလက်ခံမည်ဖြစ်ကြောင်း၊ စတင်လုပ်ကိုင်သည့် ပထမနှစ်အတွင်း လုပ်ငန်းလည်ပတ်မှုဝင်ငွေအမေရိကန် ဒေါ်လာ ၂ သိန်းကျော်ရရှိ မည်ဟု ခန့် မှန်းထားရှိပြီး ဒုတိယနှစ်တွင် ဝင်ငွေလည်ပတ်မှုမှာ နှစ်ဆတိုးလာဖွယ်ရှိကြောင်းသိရှိရပါသည်။

   စင်ကာပူရှိ MMI လီမိတက်၏ အမှုဆောင်အရာရှိချုပ် Dr. T. Chandroo ကပြောကြားရာတွင် ၎င်းတို့အနေဖြင့် ၂၀၁၇ ခုနှစ်အတွင်း အာရှဒေသရှိဖြစ် ထွန်းစဈေးကွက်များ၌ မူကြိုနှင့် ဆရာအတတ်သင်ကျောင်းပေါင်း ၂၀အထိ တိုးချဲ့ဖွင့်လှစ်ရန်လုပ်ငန်းလျာထားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၌လုပ်ငန်းလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းကို လွန် ခဲ့သော နှစ်နှစ်ကျော်ကာလကပင် စောင့်ဆိုင်းနေခဲ့ပြီး လုပ်ငန်းစတင်မှုပြုနိုင်ရန် စီမံချက်ချ ဆွေးနွေးပြင်ဆင်မှုများကို အချိန်တစ်နှစ်ခွဲခန့်ရယူဆောင်ရွက်ခဲ့ရကြောင်း၊ ယခု သင် တန်းကျောင်းမှာ ၎င်းတို့ကုမ္ပဏီ၏ ၂၅ နှစ်ပြည့် နှစ်ပတ်လည်ကာလနှင့် တိုက်ဆိုင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ လာမည့် ငါးနှစ်တာကာလအတွင်း ရန်ကုန်နှင့်မန္တလေးမြို့များ၌ သင် တန်းကျောင်း နှစ်ခုစီကို တိုးချဲ့ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်းပြောဆိုပါသည်။ စင်ကာပူ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသို့လာရောက်၍ ရင်းနှီးမြှုပ်နှံမှုမပြုမီ မိမိတို့ ရည် မှန်းထားသည့် လုပ်ငန်းနှင့်ပတ်သက်၍ သုတေသနပြုလေ့လာမှုနှင့် သင့်လျော်သည့် ဒေသခံစီးပွားဖက် လုပ်ငန်းရှင်များရှာဖွေဖော်ထုတ်ခြင်းတို့ကို လုံလောက်စွာလုပ်ကိုင်ရန် လိုအပ်ကြောင်းဖြင့်လည်း Dr. Chandroo က အကြုံပြုပြောဆိုပါသည်။

   MMI လီမိတက်သည် အာရှနှင့် ပစိဖိတ်ဒေသအတွင်းဆရာအတတ် သင်ကျောင်းနှင့် မူလတန်းကြိုကျောင်းများအား ဖရန်ချိုက်လုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်များပေးအပ်၍ ပညာရေးဝန်ဆောင်မှုလုပ်ကိုင်လျက်ရှိရာ စင်ကာပူနိုင်ငံအတွင်း မူကြိုကျောင်း ၃၂ ခုဖွင့်လှစ်ထားပြီးဖြစ်ပါသည်။ ၎င်းတို့အနက်ဖရန်ချိုက်လိုင်စင်ပေးအပ်ထားသည့် မူကြိုကျောင်း မှာ ၈ ခုရှိပြီး ကျန်မူကြို ကျောင်းများမှာ ကိုယ်ပိုင်စီမံခန့်ခွဲမှုဖြင့်လုပ်ကိုင်ခြင်းဖြစ်ပါသည်။

   The Straits Times သတင်းဌာန၏ ဖော်ပြချက်အရ MMI နှင့် စင်ကာပူပညာရေးလေ့ကျင့်မှု အကယ်ဒမီတို့သည် CSR ခေါ် ကုမ္ပဏီများ၏ လူမှုပတ်ဝန်းကျင်အပေါ် တာဝန် ယူသည့် လုပ်ငန်းစဉ်အနေဖြင့် မြန်မာနိုင်ငံ၊ ကျေးလက်ဒေသများ၌ စာတတ်မြောက်မှုမြှင့်တင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ ပညာသင်ဆုများပေးအပ်ခြင်းတို့ကိုဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ စင်ကာပူမြို့