ပြည်တွင်း၌ဆန်ဈေးနှုန်းများကျဆင်းမှုကြောင့် ထိုင်းအစိုးရ၏ဆန်လေလံတင်ရောင်းချမှုရပ်ဆိုင်း

    ထိုင်းနိုင်ငံ၌ ဆန်ဈေးကွက်ပေါက်ဈေးနှုန်းသည် ကျဆင်းလျက်ရှိသော ကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဧပြီလ အစောပိုင်းတွင်ပြုလုပ်ရန် စီစဉ် ထားသည့် ယခုနှစ်၏ တတိယအကြိမ် ဆန်လေလံတင်ရောင်းချခြင်းကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

  သို့ရာတွင် အစိုးရအနေဖြင့် ဆန်များထုတ်ရောင်းခြင်းကို အခြားနည်းလမ်းများဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။ အစိုးရချင်းဆက်သွယ် ရောင်းချသည့်စနစ်ဖြင့် အဓိကထားရောင်းချပါမည်။ လောလောဆယ်တွင် ထိုင်းနိုင်ငံအနေဖြင့် တရုတ်၊ ဖိလစ်ပိုင်နိုင်ငံများသို့ အစိုးရချင်းဆက်သွယ်ရောင်းချသည့်စနစ်ဖြင့်ဆန်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။

  ထိုင်းနိုင်ငံသည် မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၂ သိန်း ရောင်းချခွင့်ရရှိခဲ့ပါသည်။ တရုတ်နိုင်ငံသို့လည်း အစိုးရချင်းဆက်သွယ်ရောင်းချသည့် စနစ်ဖြင့် နောက်ထပ် ဆန်တန်ချိန် ၂သိန်းရောင်းချရန် လာမည့်မေလတွင် ဆန်အရောင်းအဝယ်စာချုပ်လက်မှတ်ရေးထိုးမည်ဖြစ်ပါသည်။ တောင်ကိုရီးယား၊ တူရကီ စသည့် အခြားသောနိုင်ငံများသည်လည်း ထိုင်းနိုင်ငံမှ ဆန်နှင့်အခြားထုတ်ကုန်များကိုဝယ်ယူရန် စိတ်ဝင်စားမှုရှိနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာချက်ချိုင်းက ပြောကြားခဲ့ပါသည်။

   ထိုင်းဆန်စက်လုပ်ငန်းရှင်များအသင်း၏ပြောကြားချက်အရ ယခု ရက်သတ္တပတ်အတွင်း(ဆန်ဖြူ စပါးဈေးနှုန်သည် တစ်တန်လျှင် ဘတ် ၇၃၀၀-၇၉၀၀ ဖြစ်ပါသည်။ အစိုးရ၏ ဆန်များကိုထုတ်ရောင်းရန် သင့်တော်သည့်အချိန်ကို ဆုံးဖြတ်နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဈေးကွက်ပေါက်ဈေးနှုန်းများကို စဉ်ဆက် မပြတ်စောင့် ကြည့်လေ့လာမည် ဖြစ်ပါသည်။

   အစိုးရက ဆန်များကိုဆက်တိုက်ထုတ်ရောင်းနေသည့်အတွက် ဈေးကွက်ပေါက်ဈေးနှုန်းကိုကျဆင်းစေခဲ့သောကြောင့် ဆန်လေလံတင်ရောင်းချမှုကို အချိန်ဆိုင်းသင့်ကြောင်း၊ အစိုးရအနေဖြင့် ဆန်များထုတ်ရောင်းခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်မည်မဟုတ်ဟု ရှင်းလင်းစွာကြေညာသင့်ကြောင်း၊ ဆန်အမြောက်အမြားကို ဈေးကွက်သို့ထုတ်ရောင်း မည့်အစီအစဉ်ကို ကြေညာခြင်းဖြင့် ကိုယ့်ကိုကိုယ်ဖိအားမပေးသင့်ကြောင်း၊ ကုန်သည်များသို့ရောင်းချပေးခြင်း၊ အစိုးရချင်းဆက်သွယ်သည့်စနစ်ဖြင့် ရောင်းချခြင်းတို့ကို လည်းဖြည်းညင်းစွာဆောင်ရွက်နိုင်ကြောင်း၊ အလျင်စလိုဆောင်ရွက်ရန်မလိုအပ်ကြောင်း ဆန်ပြည်ပတင်ပို့မှုကိုဦးဆောင်လျက်ရှိသော Asia Golden Rice ကုမ္ပဏီဥက္ကဋ္ဌ ကပြောကြားခဲ့သည်ဟုသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ ဗန်ကောက်မြို့