အင်ဒိုနီးရှားနိုင်ငံက မြစိမ်းရောင် ကွန်ဖရင့်ကို အိမ်ရှင်အဖြစ်ကျင်းပမည်

   အင်ဒိုနီးရှားနိုင်ငံကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့စီးပွားရေး (မြစိမ်းရောင်စီးပွားရေး)အဖြစ်အသွင်ကူးပြောင်းပေးရာမှာ လွယ်ကူချောမွေ့စေဖို့အတွက် ရေရှည်ကြံ့ခိုင်မှုရှိ တဲ့ အနာဂတ်ကိုတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေမယ့် ရင်းနှီးမြှုပ်နှံမှုများရရှိအောင်ဆောင်ရွက်ဖို့ အင်ဒိုနီးရှားကကြိုးပမ်းလျက်ရှိပါတယ်။ ဒီကြိုးပမ်း မှုရဲ့တစ်စိတ် တစ်ဒေသအဖြစ် ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်မှုပေးနိုင်မယ့် အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်တစ်ခုကို ဧပြီလအကုန်မှာ အိမ်ရှင် အဖြစ် ကျင်းပပေးမှာဖြစ်ကြောင်း ဂျကာတာပို့စ် သတင်းမှာ ဖော်ပြပါတယ်။

   ကွန်ဖရင့်ရဲ့အမည်ကို  "Tropical Landscape Summit:A Global Investment Opportunity" လို့အမည်ပေးထားပြီး ဂျကာတာမြို့မှာ ဧပြီ ၂၇ ရက်မှ ၂၈ ရက်ထိကျင်းပ မှာ ဖြစ်ပါတယ်။ ကွန်ဖရင့်သို့အမျိုးသားအဆင့်နဲ့ အပြည်ပြည်ဆိုင်ရာကုမ္ပဏီများမှ ထိပ်တန်းအမှုဆောင် ၅၀ နီးပါး တက်ရောက်မှာ ဖြစ်ပါတယ်။

   အဲဒီကွန်ဖရင့်ကို အင်ဒိုနီးရှားအစိုးရက ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားဆိုင်ရာ REDD+ Coordination နဲ့ပူးတွဲကျင်းပမှာဖြစ်ပြီး အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ကွန်ဖရင့်ကို  ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ အဲဒီကွန်ဖရင့်က အင်ဒိုနီးရှားနိုင်ငံရဲ့ မြစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်ကို   မြှင့်တင်ပေးပြီး အနာဂတ်ကာလမှာ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တွေ ပိုမိုထက်မြက်သွက်လက်လာဖို့အတွက် စင်မြင့်တစ်ခုကိုဖန်တီးပေးမှာဖြစ်ပါတယ်။ ဒီကွန်ဖရင့်က အင်ဒိုနီးရှားရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ''မြစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု'' တွေရရှိလာအောင် ဆွဲဆောင်မှုပေးသွားမှာဖြစ်ပါတယ်။

   ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က မြစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုအတွက် ကဏ္ဍရှစ်ခုကိုသတ်မှတ်ပေးခဲ့ရာ လယ်ယာစိုက်ပျိုးရေး၊ သစ်တော၊ ငါးလုပ် ငန်းနဲ့ စွန့်ပစ်ရေဆိုးစီမံခန့်ခွဲမှုစတဲ့ ကဏ္ဍတွေပါဝင်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုက ပြည်တွင်းမှ ရူပြား ၁၃၉ ဒသမ ၁၇ ဘီလီယံနဲ့ ပြည်ပမှ ဒေါ်လာ ၂၆ ဒသမ ၈ ဘီလီယံ ရှိခဲ့ပါ တယ်။

ဉာဏ်တင်