စီးပွားရေးဆိုင်ရာ အသိအမြင်များ တိုးပွားစေရေးနှင့် အခွင့်အလမ်းကောင်းများပါဝင်ဆောင်ရွက်နိုင်စေရေးဟောပြောဆွေးနွေး

    HUB Myanmar မှကြီးမှူး၍ စီးပွားရေးဆိုင်ရာအသိအမြင်များကို နည်းစနစ်ကျကျသိမြင်တိုးပွားပြီး မြန်မာနိုင်ငံ၏တိုးတက်ပွင့်လင်းလာသော စီးပွားရေးအခွင့်အလမ်းကောင်း များတွင် ပါဝင်ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ကျင်းပသော Better  Future  Better Myanmar ၂၀၁၅  စီးပွားရေးဆိုင်ရာ အခမဲ့ပညာပေးဟောပြောဆွေးနွေးပွဲကို ဇန်နဝါရီ  ၁၈  ရက် နံနက် ၉နာရီမှ မွန်းလွဲ ၁၂ နာရီအထိ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၈ လမ်းနှင့် ၃၈ လမ်းထောင့်ရှိ ဟိုတယ်မန္တလေး မင်္ဂလာခန်းမတွင်ကျင်းပရာ မန္တလေးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

   အခမ်းအနားတွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေးဆိုင်ရာ အကြံပေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နှင့် Device Business Management Academy Principal ဦးတင်ဇံကျော်တို့က Promoting Entrepreneurship ခေါင်းစဉ်ဖြင့် အောင်မြင်သူတစ်ယောက် ဖြစ်လိုလျှင်အလုပ်ကို ချစ်မြတ်နိုးတတ်ရန် လိုအပ်ခြင်း၊ လုပ်ငန်း ခွင်နှင့် ဘဝအောင်မြင်လိုသူများအတွက် အောင်မြင်မှု၏ လျှို့ဝှက်ချက်များအကြောင်းဟောပြောပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးသည်။

   အခမဲ့စီးပွားရေးပညာရပ် များဟောပြောပွဲကို မြန်မာနိုင်ငံရှိမြို့ကြီး ခုနစ်မြို့တွင် ကျင်းပပေးနေရာ ဒုတိယအကြိမ်ဟောပြောပွဲကို ၂၀၁၅ ခုနှစ်ဧပြီ ၂၅ ရက်တွင် အမျိုးသားက ဇာတ်ရုံ၌ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

သီဟကိုကို (မန္တလေး)