မော်တော်ယာဉ်ပြစ်ချက်ရှာဖွေပြုပြင်ခြင်းသင်တန်းဖွင့်

   ပဲခူးတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန သာယာ ဝတီခရိုင် ဦးစီးမှူးရုံးမှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး HRD (Human Resource Development အတွက်  JSAE (Japan Society of Automotive Engineering) တို့နဲ့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ''မော်တော်ယာဉ် Toyota သီးသန့် ယာဉ်ပြစ်ချက်ရှာဖွေပြုပြင်ခြင်း သင်တန်း အမှတ်စဉ် (၁)'' ဖွင့်ပွဲကို ခရိုင်ဦးစီးမှူးရုံး လက်ပံတန်း မြို့မှာဇန်နဝါရီလ ၁၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ဒုဥက္ကဋ္ဌ ဦးဖုန်းဇော်ဝင်းက အဆင့်မြင့်မော်တော်ယာဉ်များပြုပြင်ခြင်းနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်ရည်ရွယ်ပြီး သင်တန်းများဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်းပြော ကြားပြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန တွဲဖက်ကာ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဝင်းက မိမိတို့ဌာန အဓိကတာဝန် ၅ ရပ် ဆောင်ရွက်ခြင်းကို အကျယ်တဝင့် ပြော ကြားကာ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် သာယာဝတီခရိုင် ကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်သန်း မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းသားများ စိတ်ပါဝင်စားစွာသင်ကြားလို့ ဖွံ့ဖြိုးတိုးတက်တဲ့နည်းပညာများ တတ်မြောက်အောင်ဆောင်ရွက်နိုင် ပါကြောင်း ပြောကြားခဲ့ပါတယ်။

   အဆိုပါသင်တန်းကို JSAE မှ အဖွဲ့ဝင် ဦးအောင်ကျော်လင်းမှ မော်တော်ယာဉ်ပြစ်ချက် ရှာဖွေပြုပြင်ခြင်း သင်တန်းပို့ချခဲ့ရာ သာယာဝတီခရိုင်အတွင်းရှိမြို့နယ်များမှ သင်တန်း သား ၄၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇန်နဝါရီလ ၁၅ ရက်မှ ၂၁ ရက်နေ့ထိ ၇ ရက်ကြာဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်းသိရပါတယ်။

ခင်ခင်ထိုက်-လက်ပံတန်း