မြန်မာ့ရေထွက်ကုန်လုပ်ငန်းကဏ္ဍတွင် ဒတ်ချ်စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံတော့မည်

   ရေချို၊ ရေငန်နဲ့ ငါးမွေးမြူရေး လုပ်ငန်းတို့မှ ဖမ်းဆီးရမိတဲ့ ငါးပုစွန်များကို ဝန်ကြီးဌာနဦးဆောင်စီမံမှုနဲ့ ဈေးကွက်ဝင် စံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ ငါးပုစွန်များကို တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ကူဝိတ်၊ မလေးရှား၊ ဆော်ဒီ အာရေဗျ၊ ဂျပန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဗြိတိန် နိုင်ငံတို့သို့ အများဆုံးတင်ပို့ လျက်ရှိ ပါတယ်။

မွေးမြူရေး၊  ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနရဲ့ ဦးဆောင်ကြီးကြပ်မှုနဲ့ ငါးပုစွန်များဖမ်းဆီးမွေးမြူပြီး ပြည်တွင်းစားသုံးမှုနဲ့ နိုင်ငံတကာဈေးကွက်သို့ စနစ်တကျတင်ပို့နိုင်ရေးငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်း၊ ငါးပုစွန်အစာထုတ်လုပ်ရောင်းချ ရောင်းဝယ်သူများအသင်းနဲ့ ရေချို ငါးဖမ်း လုပ်ငန်းလုပ် ကိုင်သူများအသင်းတွေကို ဖွဲ့စည်းလုပ်ဆောင်လျက်ရှိပါတယ်။

   အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ ရေထွက်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ မှ နယ်သာလန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်တော့မှာဖြစ်ပါတယ်။

  နယ်သာလန်နိုင်ငံမှ မြန်မာ့ရေထွက်ကုန်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားကြတဲ့ ဒတ်ချ်ရေထွက်ကုန်လုပ်ငန်းရှင်များကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီလအတွင်းက မြန် မာနိုင်ငံကိုလာရောက်ခဲ့ကြပြီး မွေးမြူရေးရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ လုပ်ငန်းလုပ်ဆောင်ခွင့် အဆိုပြုလွှာကို လာရောက်လျှောက်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။

   မြန်မာနိုင်ငံဟာ ရေထွက်ကုန်များနဲ့ပတ်သက်လျှင် အလားအလာကောင်းများစွာရှိပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ရေထွက်ကုန်ကဏ္ဍတွေကိုလုပ်ဆောင်နိုင်တဲ့ အခွင့်အလမ်းများစွာရှိကြပါတယ်။ ဒါပေမယ့် နိုင်ငံတကာဈေးကွက်ဝင်အဆင့်အတန်း စံချိန်စံညွှန်းပြည့်မီရန်အတွက် လိုအပ်ချက်များရှိနေကြပြီး ပြည်ပသို့ ရေထွက်ကုန်တင်ပို့ ရာမှာ အခက်အခဲများစွာနဲ့ရင်ဆိုင်နေကြရပါတယ်။ နယ်သာလန်အဖွဲ့က တင်ပြထားတဲ့လုပ်ငန်းအဆိုပြုလွှာမှာ ငါးများစတင်ဖမ်းဆီးသည်မှ အအေးခန်းမှာသိုလှောင်တဲ့အဆင့်ထိ လုပ်ငန်းများလုပ်ဆောင်ရန်ကိစ္စရပ်များ ထည့်သွင်းဖော်ပြထားတဲ့အပြင်  ပြည်ပသို့တင်ပို့မှုကိုလည်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

   မြန်မာ့ငါးလုပ်ငန်းရှင်များက တော့ နိုင်ငံတကာအဖွဲ့အစည်းများကို ကြိုဆိုလိုသော်လည်း ဈေးကွက်ဝေစုနေရာကို ယူသွားမှာကိုတော့စိုးရိမ်လျက်ရှိနေတယ်လို့ဆိုပါတယ်။

   မြန်မာ့ပင်လယ်ပြင်ကမ်းရိုးတန်းမှ ဖမ်းဆီးရမိသော ငါးပုစွန်ထုတ်လုပ်မှု ဟာ အာဆီယံဒေသတွင်းမှာ အဆင့် ၄ နေရာမှာရှိပြီး ကမ္ဘာမှာ အဆင့် ၁၄ မှာရှိနေပါတယ်။ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာ နှစ်မှာ ရေချိုငါးဖမ်းလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၂၁ သန်းရရှိရေးလျာထားချက်ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၈၆ သန်းကျော်တန်ဖိုးရှိ ငါးပုစွန်တန်ချိန် ၇၉၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။

တိမ်ကင်းစင်