ခရမ်းသီး (မြှုပ်ခရမ်း) များ ဈေးကောင်းရ၍ တောင်သူများ အဆင်ပြေ

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံ တစ်မျိုးဖြစ်သည့် ခရမ်းသီးကိုလည်း ရာသီမရွေး တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် ခရမ်းသီးအလုံးသေး(မြုပ်ခရမ်း)ကို စိုက်ပျိုးပြီး မျိုးစေ့ကိုပျိုးထောင်၍ စိုက်ပျိုးကာ နှစ်လခွဲ၊ သုံးလခန့်တွင် အသီးများ စတင်ခူးဆွတ်နိုင်ပြီး ၄ ရက်ခြား တစ်ကြိမ် ခူးဆွတ်ရကြောင်း၊ ခရမ်းသီး စတင်ခူးဆွတ်သည်မှ တစ်ပတ်ထက်တစ်ပတ်အထွက်နှုန်း ပိုမိုထွက်ရှိလာကြောင်း၊ တစ်ဧက အထွက် နှုန်းအနေဖြင့် တစ်ပတ်လျှင် ပိဿာ ၃၀၀-၄၀၀ ခန့်အထိထွက်ရှိပြီး သက်တမ်းအနေဖြင့် ၄ လမှ ၅ လ အထိ ခူးဆွတ်နိုင်ကြောင်း သိရသည်။

   ခရမ်းသီး (မြုပ်ခရမ်း) တစ်ဧက စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ငွေကျပ် ၈၀၀,၀၀၀ ကျပ်ခန့် ကုန်ကျကြောင်း၊ ယခုလက်ရှိ စျေးနှုန်းအနေဖြင့် ခရမ်းသီး အလုံးသေး (မြုပ်ခရမ်း) တစ်ပိဿာလျှင် ၁,၂၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကုန်စိမ်းသီးနှံ ဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ် စျေးနှုန်းမတူညီကြောင်း၊ တောင်သူများ အကျိုးအမြတ် အနေ ဖြင့် တစ်ဧကလျှင် ငွေကျပ် ၆ သိန်းကျော် ရလျက်ရှိပြီး ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိ လာရောက် ဝယ်ယူသည့်အတွက် သယ်ယူစရိတ် သက်သာသောကြောင့် တောင်သူများ တွက်ခြေကိုက်၍ အဆင် ပြေလျက်ရှိကြောင်း ခရမ်းသီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)