မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပိန်းဥပင်များ စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေရရှိ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်သည် တောင်ကုန်းတောင်တန်းများသည့် ကျွန်းမြို့နယ်ဖြစ်ပြီး ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ချောင်းဆုံမြို့နယ်ရှိ ချောင်းဆုံခြံတန်းကျေးရွာတွင် ပိန်းဥစိုက်ပျိုးခြင်းဖြင့် တောင်သူများဝင်ငွေရရှိလျက်ရှိကြောင်း သိရ သည်။
မျိုးအနေဖြင့် ဗမာမျိုးပိန်းဥပင်ကို ဧပြီလတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလကုန်တွင် ပိန်းဥများကို တူးဖော်ရောင်းချကြကြောင်း၊ စိုက်ပျိုးရာတွင် တစ်ဧက ၂ တန်းစိုက်သည့်စနစ်ဖြင့် စိုက်ပျိုးပြီး မျိုးတက် ၂၀၀ ကျော် ကုန်ကျကြောင်း၊ စတင်စိုက်ပျိုးစဉ်မှ ပိန်းဥထွက်ရှိ ရောင်းချချိန်အထိ အပင်သက်တမ်းမှာ ၅ လခွဲမှ ၆ လခန့် ကြာမြင့်ပြီး တစ်ဧက ၇၅၀ ပိဿာထွက်ရှိကြောင်း၊ ပိန်းဥပင် စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် သိန်း ၂၀ ခန့် ကုန်ကျပြီး ပိန်းဥ တစ်ပိဿာလျှင် လက်ကားစျေးနှုန်းငွေကျပ် ၆,၀၀၀၊ လက်လီဈေးနှုန်း ၈,၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် ၂၅ သိန်းကျော် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ချောင်းဆုံမြို့နယ်ဒေသများအပြင် မော်လမြိုင်မြို့ပေါ်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ပိန်းဥဈေးကွက် သည် နှစ်စဉ်ဈေးနှုန်းကောင်းမွန်နေသည့်အတွက် တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုးလျက်ရှိပြီး အကျိုးအမြတ်ရကြောင်း သိရှိရသည်။
DOCA(မွန်)