ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် မိတ်ဖက်အဖွဲ့များက ရာသီဥတုဆိုင်ရာကိစ္စများ၊ ကာဗွန်ထုတ်လွှတ်မှုကြောင့် ဆုံးရှုံးမှုနှင့် မူဝါဒများ၏ အကျိုးသက်ရောက်မှုများအပေါ် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ရှာဖွေ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)၊ ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ (UNCTAD) နှင့် ကမ္ဘာ့ဘဏ် (World Bank) တို့၏ စုပေါင်းလုပ်ငန်းအဖွဲ့ (Joint Task Force)က ရာသီဥတုဆိုင်ရာကိစ္စများ၊ ကာဗွန်ထုတ်လွှတ်မှုကြောင့် ဆုံးရှုံးမှုနှင့်မူဝါဒများ၏ အကျိုးသက်ရောက်မှုများအပေါ် လေ့လာထားသည့် အစီရင်ခံစာတစ်ခုကို အောက်တိုဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

ကမ္ဘာ့နိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုကို လျော့နည်းသက်သာစေမည့် မူဝါဒများဖြစ်သည့် ကာဗွန်အခွန် ၇၅ မျိုး ၊ ကုန်သွယ်ခွင့်ရမည့် ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏစသည့် ပြဌာန်းချက်များ တိုးမြှင့်ဆောင်ရွက်နေချိန်တွင် အစီရင်ခံစာထွက်ပေါ်လာခြင်းဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်၊ ကမ္ဘာ့ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး ရည်မှန်းချက်များပြည့်မီရန် အရှိန်မြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အစီရင်ခံစာက အလေးပေးဖော်ပြထားသည်။

အစီရင်ခံစာတွင်

(၁)   ကာဗွန်ထုတ်လွှတ်မှုလျော့ချရေး မက်လုံးပေးအစီအစဉ်များသည် ပွင့်လင်းမြင်သာမှုရှိရန်နှင့်ကာဗွန်ထုတ်လွှတ်မှုကြောင့် ဆုံးရှုံးမှုစရိတ်တွက်ချက်မှုကို အားလုံးနားလည်ရန် အခြေခံအချက်များ၊ 

(၂)    ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာရေး မူဝါဒများတွင် ပါဝင်ရမည့်အချက်များ အထူးသဖြင့် ကာဗွန်ထုတ်လွှတ်မှုကြောင့် ဆုံးရှုံးမှုစရိတ်တွက်ချက်ခြင်းက ကုန်ကျစရိတ်သက်သာသည့်အပြင် အခွန်အဖြစ်ပြန်လည်ကောက်ခံပါက နိုင်ငံအတွက်ဝင်ငွေလည်းရကြောင်း၊

(၃)    ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒများကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံဖြတ်ကျော် ပြဿနာများအား နိုင်ငံတကာမှ ပူးပေါင်းဆောင်ရွက်မည့် နည်းလမ်းများ ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နယ်စပ်ဖြတ်ကျော် ကာဗွန်ထိန်းညှိရေး (Carbon Cross Border Adjustment) မူဝါဒများ ၏ အားနည်းချက်/အားသာချက်များ၊

(၄)    ပွင့်လင်းမြင်သာမှု၊ အကောင်အထည်ဖော်မှုနှင့် ရည်မှန်းချက်တို့၏ ကွာဟမှုများကို အဆုံးသတ်ကာ ပူးပေါင်းဆောင်ရွက်ကြပါက ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်များကို လွန်စွာအထောက်အကူပြုနိုင်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အနာဂတ် တာဝန်များတွင် အရေးကြီးသောအသိပညာကွာဟချက်များကို ဖြည့်ဆည်းပေးရန်တို့ကို ဖော်ပြထားပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က “၂၀၀၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များနှင့်စပ်လျဉ်း၍ အသိပေးထားသည့် အစီအမံပေါင်း ၅၅၀၀ကျော်ရှိကြောင်း၊ အဆိုပါနည်းလမ်းများကြောင့် ကုန်သွယ်ရေးတင်းမာမှုများ၊ တန်ပြန်ကျင့်သုံးမှုများ ပေါ်ပေါက်ခဲ့ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကာဗွန်ကြောင့် ဆုံးရှုံးနစ်နာမှုများတွက်ချက်ရန်၊ ရာသီဥတုဖောက်ပြန်မှု လျော့နည်းပပျောက်ရေးနှင့် အခြားမူဝါဒများ ချမှတ်နိုင်ရန် မူဘောင်တစ်ခုလိုအပ်ကြောင်း ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Kristalina Georgieva က “ ယခု ပူးတွဲအစီရင်ခံစာတွင် ကာဗွန်ကြောင့်ဆုံးရှုံးနစ်နာမှုများအားတွက်ချက်ရန်နှင့် အလားတူမူဝါဒများ၏ အရေးကြီးမှုကို အလေးပေးဖော်ပြထားကြောင်း၊ ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ချရေး၊ ပဲရစ်ရည်မှန်းချက်ကို ပြည့်မီရေး ၂ ဆ တိုးမှ ၄ ဆ တိုး ဆောင်ရွက်သွားရန် ၊ အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍအလိုက် လိုအပ်ချက်များထောက်ပံ့ပေးရန်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ပြောကြားခဲ့သည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)၊ အထွေထွေအတွင်းရေးမှူးချုပ် Mathias Cormann က ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရန် နိုင်ငံများက နည်းမျိုးစုံဖြင့် ကြိုးစားနေသော်လည်း ကမ္ဘာနှင့်အဝှမ်းသိသာသော အကျိုးသက်ရောက်မှုရစေရန် အဆိုပါနည်းလမ်းများ ကိုက်ညီရန်လိုအပ်ကြောင်း၊ OECD အဖွဲ့ဝင် ၅၉ နိုင်ငံ ပါဝင်ထားသော ကာဗွန်လျော့ချရေး နည်းလမ်းများဆိုင်ရာ ဖိုရမ်ကို စတင်ဆောင်ရွက်နေပြီး နိုင်ငံအလိုက် ရာသီဥတုဆိုင်ရာမူဝါဒများ၊ ၎င်းတို့၏ အကျိုးသက်ရောက်မှုများကို ညှိနှိုင်းနေကြောင်း၊ နယ်စပ်ဖြတ်ကျော်ပြဿနာများဖြစ်သည့် ကာဗွန်ယိုစိမ့်မှု (သို့မဟုတ်) ကုန်သွယ်မှုခွဲခြားခြင်းတို့ကိုတားဆီးရန်နှင့် ရာသီဥတုဆိုင်ရာ ကူးပြောင်းမှုမှရရှိမည့် တီထွင်မှု၊ ကုန်ကျစရိတ်သက်သာမှု၊ အကျိုးတူခံစားရမှုတို့ကို အမြင့်မားဆုံးခံစားနိုင်ရန် ကမ္ဘာ့မူဝါဒများ ချမှတ်ရန်လိုအပ်နေကြာင်း ပြောကြားခဲ့သည်။

UNCTAD အထွေထွေအတွင်းရေးမှူး Rebeca Grynspan က UNCTAD အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှု လျော့ပါးရေး မူဝါဒများ အဆင့်မြှင့်တင်နိုင်ရန် ထောက်ပံ့ကူညီနေကြောင်း၊ နယ်စပ်ဖြတ်ကျော် ကာဗွန်ညှိနှိုင်းမှုလုပ်ငန်းများ (Border Carbon Adjustment Mechanisms -BACs) အပါအဝင် ရာသီဥတုဆိုင်ရာနည်းလမ်းများသည် သက်သေအထောက်အထားကို အခြေခံရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို အနှောက်အယှက်မဖြစ်စေရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ဆက်နွှယ်သော ပို့ကုန်အခွင့်အလမ်းများ ရယူနိုင်ရန်နှင့် ကူးပြောင်းကာလအတွင်းလိုက်နာမှုကြောင့် ကုန်ကျစရိတ် (compliance cost) နှင့်ကုန်သွယ်မှုစရိတ်(trade cost)များကို လျှော့ချရန် ကူညီပေးနေကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ အကြီးတန်းဦးဆောင်ညွှန်ကြားရေးမှူး Axel van Trotsenburg က ကမ္ဘာ့ဘဏ်သည် ရာသီဥတုဆိုင်ရာမူဝါဒများ ချမှတ်ရန် နိုင်ငံများ၏ လိုအပ်ချက်အလိုက် နည်းပညာနှင့်ငွေကြေးကူညီပေးနေကြောင်း၊ ကာဗွန်ကြောင့်ဆုံးရှုံးနစ်နာမှုတွက်ချက်ခြင်းသည် ပုဂ္ဂလိကကဏ္ဍအတွက် မက်လုံးတစ်ခုဖြစ်သလို အစိုးရအတွက်လည်း ဝင်ငွေရသဖြင့် မူဝါဒချမှတ်ရာတွင် အဓိကပါဝင်သင့်ကြောင်း၊ နိုင်ငံအလိုက် ရာသီဥတုမူဝါဒများ ချမှတ်နေသဖြင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ ပိုမိုလိုအပ်လာကြောင်း၊ ယခုအစီရင်ခံစာတွင် ဝင်ငွေနည်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်ဖန်တီးနိုင်မှုနှင့် ကမ္ဘာ့တန်ဖိုးကွင်းဆက်တွင် ပါဝင်နိုင်မှုတို့အတွက် အကြံပြုချက်များကို  ဖော်ပြထားကြောင်း ပြောကြားခဲ့သည်။

ရင်းမြစ်၊         ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့