ကျောက်ဆည်ခရိုင်တွင် ခရမ်းချဥ်သီးစိုက်ပျိုးခြင်းဖြင့် တောင်သူများတွက်ချေကိုက်

   မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်တွင်းရှိ  တောင်သူများသည် စပါး၊ နှမ်း၊ ပဲ၊ ပြောင်း၊ ငရုတ်သီးနှံများကို စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်  ခရမ်းချဉ်သီးနှံကိုလည်း စီးပွား ဖြစ် စိုက်ပျိုးလျက်ရှိပြီး ကျောင်းကုန်း၊ ငါးမြွေကုန်း၊ အင်ရောင်ကျေးရွာများတွင် ၁၂ ဧကခန့်ထိ အများဆုံး စိုက်ပျိုးထားကြောင်း သိရသည်။

ခရမ်းချဉ်သီးနှံကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလနောက်ဆုံးပတ်တွင် စတင်ခူး ဆွတ်နိုင်ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုးစေ့ကို စိုက်ဘောင်ဖြင့် ပျိုးထောင်ပြီး အပင်‌သက်တမ်း တစ်လ ခန့််အချိန်တွင် မြေချ၍ ဝါးတိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ မျိုးအနေဖြင့် (555)မျိုးနှင့်  wonder (100) မျိုးများကို စိုက်ပျိုးကြပြီး  (555) ခရမ်းချဥ်မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် မျိုးစေ့   ၆-၇ ထုပ် ခန့် စိုက်ပျိုးရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ခရမ်းချဉ်သီး ၃၀-၄၀ ပိဿာ ဝန်းကျင်ခန့် ထွက်ရှိပြီး တစ်ပတ်ထက်တစ်ပတ် အထွက်နှုန်းပိုမိုထွက်ရှိလာကြောင်း၊ ခရမ်းချဉ်သီး စတင်ထွက်ရှိချိန် တွင် ၃-၄ ရက်ခြား တစ်ကြိမ်ခူးဆွတ်ရပြီး သက်တမ်းအနေဖြင့် ၂ လ ကျော်ခန့်ထိ ခူးဆွတ်နိုင်ကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ ဝါး၊ လုပ်သားခအပါအဝင် ငွေကျပ် ၁၂ သိန်းခန့်ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး လက်ကားဈေးတစ်ပိဿာလျှင် ၄,၅၀၀-၅,၀၀၀ ကျပ်နှင့်  လက်လီဈေးတစ်ပိဿာလျှင် ၆,၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် စျေးနှုန်းအတက်အကျရှိနိုင်ကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိလာ သော ခရမ်းချဉ်သီးများကို ကုန်စိမ်းပွဲစားများမှ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြပြီး မန္တလေးမြို့ရှိ ကုန်စိမ်းဒိုင်များ သို့ တင်ပို့ရောင်းချကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂၄ သိန်းခန့် အမြတ်ရရှိပြီး တွက်ခြေကိုက်လျက်ရှိကြောင်း ခရမ်းချဉ်သီးစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)