အမေရိကန်-တရုတ် ကုန်သွယ်မှုပဋိပက္ခရှိသည့်တိုင် ထိုင်းနိုင်ငံအနေဖြင့် အကျိုးအမြတ်များ ရရှိနိုင်ကြောင်း ထိုင်းစီးပွား/ကူးသန်းဝန်ကြီး ပြောကြား
အမေရိကန်-တရုတ် ကုန်သွယ်မှု ပဋိပက္ခရှိသည့်တိုင် ထိုင်းနိုင်ငံအနေဖြင့် နှစ်နိုင်ငံစလုံးနှင့် ဆက်ဆံရေးကောင်းမွန်သည့်အပြင် ပဋိပက္ခတွင် မည်သည့်ဘက်မှ ရပ်တည်မှာ မဟုတ်သည့်အတွက် စီးပွားရေးအကျိုးအမြတ်များ ရရှိနိုင်ကြောင်း၊ အမေရိကန်က တရုတ်ပစ္စည်းများ တင်သွင်းမှုကို လျော့ချပြီး ထိုင်းထုတ်ကုန်များဖြင့် အစားထိုးတင်သွင်းလာနိုင်ကြောင်း ထိုင်း၊ စီးပွား/ကူးသန်း ဝန်ကြီး Pichai Naripthaphan က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် လက်ရှိလုပ်ငန်းလည်ပတ်နေသည့် အမေရိကန် Hard Disk ထုတ်လုပ်သူများဖြစ်သော Seagate နှင့် Western Digital တို့သည် လုပ်ငန်းများ ပိုမိုတိုးချဲ့လာမည်ဟု မျှော့်လင့်ထားကြောင်း၊ ကမ္ဘာ့ပထဝီနိုင်ငံရေးတွင် ကြားနေအဖြစ် ရပ်တည်သည့် ထိုင်းနိုင်ငံသို့ တရုတ်၊ အမေရိကန်နှင့် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုအသစ်များ လာမည့်နှစ်များတွင်ဝင်ရောက်လာနိုင်ကြောင်း၊ ဒေါ်နယ်ထရမ့် အနိုင်ရခြင်းကြောင့် ရီပါပလစ်ကန်ပါတီ၏ စီးပွားရေးကို ဦးစားပေးမှုနှင့် အမေရိကန်-တရုတ် ကုန်သွယ်ရေး ပဋိပက္ခဆက်လက်ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံအတွက် အကျိုးရှိလိမ့်မည်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံစလုံးမှ ရင်းနှီးမြှုပ်နှံမှုများ ထိုင်းနိုင်ငံသို့ ပိုမိုဝင်ရောက်လာနိုင်ကြောင်း၊ နိုင်ငံတိုင်းမှ ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး အခြားနိုင်ငံများသို့ ပို့ကုန်များထုတ်လုပ်သည့် အချက်အချာနေရာအဖြစ် အသုံးပြုလိုကြကြောင်း ထိုင်း၊ စီးပွား/ကူးသန်း ဝန်ကြီးက ပြောကြားခဲ့သည်။
ထရမ့်က တရုတ်နှင့်ကုန်သွယ်မှုယှဉ်ပြိုင်ရာတွင် သွင်းကုန်အပေါ်အကောက်ခွန်များ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ထရမ့်၏ ပထမအကြိမ် သမ္မတရာထူးသက်တမ်းတွင်လည်း အမေရိကန် - တရုတ် ကုန်သွယ်ရေးပဋိပက္ခကြောင့် တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို အခွန်ဒဏ်ခတ် စည်းကြပ်မှုများနှင့်ကုန်သွယ်မှု ကန့်သတ်ချက်များကျင့်သုံးခဲ့ကာ တရုတ်စီးပွားရေး လုပ်ငန်းရှင်အချို့က အဆိုပါကန့်သတ်ချက်များအား ရှောင်ရှားနိုင်မည့်နေရာများသို့ ပြောင်းရွှေ့ခဲ့ရသဖြင့် အရှေ့တောင်အာရှ နိုင်ငံများသည် အကျိုးအမြတ် အများဆုံးရရှိခဲ့ကြောင်း၊ မော်တော်ကားနှင့် လျှပ်စစ်ပစ္စည်းများကို နှစ်ရှည်လများထုတ်လုပ်ခဲ့သည့် ထိုင်းနိုင်ငံသည် ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံများ ပျမ်းမျှ ၂ % ထက်မနည်း ပိုမိုတိုးတက်လာနိုင်ရေး အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားပါသည်။
ရင်းမြစ်။ Bangkok Post