ပေါင်းတည်မြို့နယ်တွင် ငရုတ်သီးစိုက်တောင်သူများ အကျိုးအမြတ်ရ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိရာ နတ်ပုတီးကျေးရွာတွင် ငရုတ်သီးကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး စုစုပေါင်း ၅ ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။
ငရုတ်သီးကို ဩဂုတ်လ၊ နောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးပြီး ၂ လခန့်အကြာတွင် ခူးဆွတ်နိုင် ကြောင်း၊ မျိုးအနေဖြင့် ကျောက်စိမ်းမျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် အပင်ရေ ၁၆,၀၀၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ အလုပ်သမားခအပါအဝင် ငွေကျပ် ၁၇ သိန်းခန့် ကုန်ကျကြောင်း၊ ငရုတ်သီးကို စတင်ထွက်ရှိသည့်အချိန်မှစ၍ တစ်ပတ်လျှင်တစ်ကြိမ် ခူးဆွတ်ရပြီး ၂ လခွဲခန့်အကြာထိ ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာ ၆၀၀-၁,၀၀၀ ခန့်အထိ ထွက်ရှိကာ တစ်ပိဿာလျှင် ၆,၀၀၀-၆,၅၀၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် ၂၂ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဝက်ပုတ်မြို့နှင့် ပေါင်းတည်မြို့ရှိ သီးနှံပွဲရုံများသို့ တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် ရန်ကုန်၊ မကွေး၊ ဧရာဝတီမြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ ယခုနှစ် တွင် ငရုတ်သီး ဈေးနှုန်းကောင်းမွန်လျက်ရှိသောကြောင့် ငရုတ်စိုက်တောင်သူများ အကျိုးအမြတ်ရ လျက်ရှိကြောင်း သိရှိရသည်။
DOCA(ပဲခူး)