ကျောက်ဆည်ခရိုင်တွင် ကုလားပဲ(ဆောင်း)စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊‌ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုလားပဲ (‌ဆောင်း)များ စိုက်ပျိုးလျက်ရှိပြီး ကျောက်ဆည်မြို့နယ်တွင် ၁၇၃ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၃၇၂၅ ဧက၊ မြစ်သားမြို့နယ်တွင် ၂,၃၀၇ ဧကဖြင့် စုစုပေါင်း ၆,၂၀၅ ဧက စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။ 

ကုလားပဲ(ဆောင်း)ကို ယာမြေများ၌ အောက်တိုဘာလနောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးပြီး  သက်တမ်း ၃ လခန့် အကြာတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထွန်ကြောင်းဆွဲ အစေ့ချ စနစ်ဖြင့် စိုက်ပျိုးကြ‌ကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်ထွက်ရှိသည့် မျိုးချန်ထားသော ကုလားပဲများ ကို စိုက်ပျိုးကြပြီး သီးနှံပွဲရုံများမှလည်း မျိုးဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၃ သိန်းဝန်းကျင်ခန့် ကုန်ကျ ကြောင်း၊ ယခင်နှစ် ကုလားပဲအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၉-၁၀ တင်းခန့်ထွက်ရှိပြီး ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင် ငွေကျပ် ၇၈,၀၀၀ ကျပ်နှင့် ကုလားပဲ(V2) တစ်တင်းလျှင် ငွေကျပ် ၈၆,၀၀၀ ကျပ်‌‌ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ တစ်ဧကလျှင် ငွေကျပ် ၅ သိန်းခန့် အမြတ်ရရှိ ခဲ့ကြောင်း သိရသည်။

အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများအနေဖြင့် ဒီဇင်ဘာလ၊ ပထမပတ်တွင် ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင် ၉၂,၀၀၀ ကျပ်၊ ကုလားပဲ(V2) တစ်တင်းလျှင် ၁၀၁,၀၀၀ ကျပ်‌ ‌ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှီ သီးနှံပွဲရုံများမှ တစ်ဆင့် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်တွင် ကုလားပဲ သီးနှံစိုက်ခင်းများမှာ အဖူးအပွင့်များဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်၍ ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ရရှိနိုင်မည်ဖြစ်ကြောင်း ကုလားပဲ စိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။ 

DOCA (မန္တလေး)