မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာ၌ ခရမ်းချဉ်သီးများ ဈေးကောင်းရ၍ တောင်သူများအဆင်ပြေ
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာတွင် နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲနှင့် စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးကို တောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ခရမ်းချဉ်သီးကို စက်တင်ဘာလ၊ တတိယပတ်တွင် စတင်စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးအနေဖြင့် ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးကို စိုက်ပျိုးပြီး တစ်ဧက လျှင် မျိုးစေ့ ၆ ထုပ်ခန့် ကုန်ကျကြောင်း၊ ခရမ်းချဉ်သီး စိုက်ပျိုးရာတွင် မျိုးစေ့ကို အိတ်ဖြင့် ပျိုးထောင် ကာ ၂၀ ရက်သားအရွယ်တွင် မြေသို့ချ၍ တိုင်ထောင်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ ကုန်ကျစရိတ်အနေ ဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၂၈ သိန်းခန့် ကုန်ကျပြီး ပိဿာချိန် ၂,၅၀၀-၂,၈၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလ၊ ပထမပတ်တွင် ခရမ်းချဉ်သီး လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၅,၀၀၀-၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် ၉၇ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ပေါ်ရှိ သီးနှံပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်သီးနှံပေါ်ချိန်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ယခင်နှစ်အောက် အထွက်နှုန်းလျော့နည်းသွားသော်လည်း ဈေးနှုန်းကောင်းမွန်၍ တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
DOCA (မကွေး)