ထိုင်ဝမ်ဆီးသီး စိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်အတွင်းရှိ မုံပင်နှင့် ကံကြီး ကျေးရွာတို့တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော ဆီးပင်များကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ဆီးပင်စိုက်ပျိုးရာတွင် ကိုင်းကူးပျိုးပင်များကို ဝယ်ယူ၍ ဇွန်လတွင် စိုက်ပျိုးကြကြောင်း၊  စိုက်ပျိုးပြီး ၂-၃ နှစ်ခန့်အကြာတွင် ဆီးသီးများ စတင်သီး၍ နိုဝင်ဘာလတွင် ဆီးသီးများ စတင်ထွက်ပေါ် ပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊  ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းနှင့် အလုံးကြီး၍ အရည်အသွေးနှင့် အရသာကောင်းမွန်သော ထိုင်ဝမ်ဆီးသီးမျိုးများကို  ၂ ပေပတ်လည် ကျင်းတူး၍ ၁၅ ပေအကွာအဝေးဖြင့် စိုက်ပျိုးကြကြောင်း၊ စတင်စိုက်ပျိုးသည့်အချိန် တွင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၂,၅၀၀,၀၀၀-၃,၀၀၀,၀၀၀ ခန့် ကုန်ကျပြီး နှစ်ရှည်သီးနှံဖြစ်သည့်အတွက် ဆီးသီးများ စတင်ထွက်ပေါ်ပြီးနောက် ကုန်ကျစရိတ် နည်းပါးလာကြောင်း၊ ဆီးသီးများကို ၇ ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး စတင်ထွက် ပေါ်ချိန်မှ ရာသီကုန်သည်အထိ ၃ လအကြာ ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် ဆီးသီး ၁၀ ပြည်ပါ ဖာ ၂၀ ခန့်ထွက်ရှိပြီး လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ဖာ‌ ၃၀-၃၅ အထိ ထွက်ရှိရာ တစ်ဧကလျှင် စုစုပေါင်းပျမ်းမျှအထွက်နှုန်းအနေဖြင့် ဖာ ၅၀ ခန့် ထွက်ရှိကြောင်း၊ အလုံးအသေးအကြီးပေါ် မူတည် ၍ ဆီးသီး ၁၀ ပြည်ပါ တစ်ဖာလျှင် လက်ကားဈေး ငွေကျပ် ၂၀,၀၀၀-၂၂,၀၀၀ ဖြင့် လည်းကောင်း၊ လက်လီစျေး အလုံးကြီး တစ်ပြည်လျှင် ငွေကျပ် ၃,၀၀၀ ကျပ်၊ အလုံးသေးတစ်ပြည်လျှင် ငွေကျပ် ၂,၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          စျေးကွက်အနေဖြင့် မန္တလေး၊ အောင်ပန်း၊ တောင်ကြီးနှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချ လျက်ရှိပြီး ယိုစုံလုပ်ငန်းရှင်များမှလည်း ဆီးသီးခြံအထိ လာ‌ရောက်ဝယ်ယူကြကြောင်း၊ တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သိန်း ၂၀ ခန့် အမြတ်ရရှိပြီး အထွက်နှုန်းနှင့် စျေးနှုန်းအပေါ်မူတည်၍ အကျိုး အမြတ်များ ပိုမိုရရှိကြောင်း ဆီးသီးစိုက် တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

DOCA (မန္တလေး)