ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် မှော်ဘီနည်းပညာတက္ကသိုလ်တို့မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများအား မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ သွားရောက်ဟောပြောဆွေးနွေးခဲ့

နေပြည်တော်၊ ဇန်နဝါရီလ ၂၈ ရက်
   မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုအထောက်အကူပြုလုပ်ငန်းများ အကောင်အထည်ဖော်‌နိုင်ရေးအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့နံနက်ပိုင်း၌ ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင်လည်းကောင်း၊ နေ့လယ်ပိုင်း၌ မှော်ဘီနည်းပညာတက္ကသိုလ်တွင်လည်းကောင်း ဟောပြောဆွေးနွေးခဲ့သည်။
   အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမီမီခင်၊ မှော်ဘီနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကေသီလွင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ မဟာဘွဲ့တက်ရောက်နေသော ကျောင်းသား/သူများ စုစုပေါင်း (၅၀၀)ဦးခန့် တက်ရောက်ကြသည်။ 
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က စီးပွားရေးဂေဟစနစ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ခေတ်မီကောင်းမွန်သော မူပိုင်ခွင့်စနစ်ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်းချက်များနှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့်မူပိုင်ခွင့် ဆိုင်ရာမဟာဗျူဟာပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ သက်ဆိုင်ရာနည်းပညာနှင့်တီထွင်ဆန်းသစ်မှု အထောက်အကူပြုစင်တာ (TISC) များရှိ တက္ကသိုလ်/ကောလိပ်များမှ သုတေသနဌာနများတွင် တီထွင်ဆန်းသစ်မှုနှင့်ဖန်တီးမှုများကို ပိုမိုမြင့်မားတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်တစ်ရပ်ဖွံ့ဖြိုးလာခြင်းသည် ဆန်းသစ်တီထွင်ဖန်တီးမှုများကို မူပိုင်ခွင့်ဖြင့် အကာအကွယ်ပေးခြင်း၊ အဆင့်မြင့်နည်းပညာများ လွှဲပြောင်းရယူနိုင်စေခြင်း၊ အများပြည်သူအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်ဖန်တီးမှု နည်းပညာများနှင့် ဆက်စပ်လျက်ရှိသော တက္ကသိုလ်၊ ကောလိပ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။
   ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာ ဆိုင်ရာသိကောင်းစရာများနှင့် ဥပဒေ၊ နည်းဥပဒေတို့ကို ရှင်းလင်ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲ သို့ တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကာ ဟောပြောဆွေးနွေးပွဲကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။