စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ယာယီနေရာချထားရေးစခန်းများရှိ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းနှင့် မိသားစုများအား တွေ့ဆုံ အားပေးစကားပြောကြား
နေပြည်တော်၊ ဧပြီ ၁၁
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယာယီနေရာချထားရေး စခန်းများတွင် နေထိုင်လျက်ရှိသည့် ဝန်ကြီးဌာနမှ ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းနှင့် မိသားစုများအား တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယာယီနေရာချထားရေးစခန်းများတွင် နေထိုင်လျက်ရှိသည့် ဝန်ထမ်းများနှင့် မိသားစုများအနေဖြင့် စုစုစည်းစည်းနေထိုင်၍ အချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ကြီးဌာနဘက်မှလည်း လိုအပ်သည်များအား တတ်နိုင်သမျှ ကူညီထောက်ပံ့ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဝန်ထမ်းများ မိမိတို့၏ လုပ်ငန်း တာဝန်များအား ပြန်လည်ထမ်းဆောင်နိုင်ရေးအတွက် ဖယ်ရီကားများကိုလည်း စီစဉ်ထားရှိ ကြောင်း အားပေးစကားပြောကြားခဲ့ပြီး ယာယီနေရာချထားရေး စခန်းများအတွင်း ဝန်ထမ်းနှင့် မိသားစုများ၏ နေထိုင်စားသောက်ရေး၊ တပ်ဆင်ပေးထားသော ရေသန့်စက်မှ သောက်သုံးရေ ရရှိမှု၊ လျှပ်စစ်မီးရရှိမှုနှင့် အရန်မီးစက်ထားရှိမှု အခြေအနေများ၊ ရေချိုးကန်များ၊ သန့်စင်ခန်းများ လုံလောက်စွာ အသုံးပြုနိုင်ရေး၊ စီစဉ်ပေးထားသော အမှိုက်ပုံးများတွင်သာ အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေး အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးမင်းမင်းနှင့် ဦးကျော်ရွှေထွန်းတို့ကလည်း ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနှင့် မိသားစုများအား အားပေးစကားများ အသီးသီးပြောကြားခဲ့ ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ဝန်ထမ်းတစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်တစ်သိန်းစီကို ဝန်ထမ်းများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။