မြန်မာ့ရော်ဘာများအထွက်နှုန်းနဲ့ အရည်အသွေးကောင်းမွန်ရန်ကြိုးပမ်းလျက်ရှိ

 

     မြန်မာ့ရော်ဘာလိုအပ်ချက်များနှင့် ပတ်သက်၍ စိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ အရည်အသွေးထိန်းသိမ်းမှုများ မြှင့်တင်ရန်အတွက် နည်းပညာများ ကူညီမှုပေးရန် မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းနဲ့ ဂျပန် နိုင်ငံရော်ဘာ ကုန်သည်များအသင်း၊ ဂျပန်နိုင်ငံစက်ကုန်ချော ထုတ်လုပ်သူများအသင်းတို့ ပူးပေါင်း၍ နားလည်မှု စာချွန်လွှာရေးထိုးထားပြီးဖြစ်ပါတယ်။   အဓိက ရော်ဘာအထွက်နှုန်းကောင်းရန်နဲ့ အရည်အသွေး ကောင်းရန်အတွက် နည်းပညာ အကူအညီများပေးမှာဖြစ်ပါတယ်။ 

          မြန်မာနိုင်ငံ  ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက  နိုင်ငံတကာရော်ဘာ သုတေသန နှင့် ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့တွင် ၂၀ဝ၇ ခုနှစ်ကတည်းက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တယ်လို့သိရပါတယ်။  အဆိုပါ အဖွဲ့နှင့် မြန်မာ့ရော်ဘာအသင်းတို့ ပူးပေါင်း၍ International Rubber Workshop  များပြုလုပ်ပေးခဲ့ပြီး မော်လမြိုင်တွင် အလုပ်ရုံဆွေးနွေးပွဲ  နှစ်ကြိမ်၊ ရန်ကုန်တွင် တစ်ကြိမ်၊ ထားဝယ်တွင် တစ်ကြိမ်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။  ယခုအခါ ရော်ဘာအရည်အသွေး စစ်ဆေးသည့် ဓါတ်ခွဲခန်းတစ်ခုကိုလည်း လှည်းကူးရှိ ကုန်ပစ္စည်းစစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနတွင် ထားရှိပြီးဖြစ်ပါတယ်။ အဆိုပါ ဓါတ်ခွဲခန်းအတွက် လိုအပ်တဲ့ ဓါတ်ခွဲခန်း သုံးပစ္စည်းကိရိယာများ၊ ဓါတ်ခွဲရာတွင် အသုံးပြုသည့် ဓါတုဗေဒပစ္စည်းများကိုလည်း  ဂျပန်နိုင်ငံမှ အကူအညီပေး မှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ရော်ဘာအသင်းမှလည်း ဓါတ်ခွဲခန်းအတွက် လိုအပ်ချက်များကို ကူညီပံ့ပိုး ပေးမှာဖြစ်ပါတယ်။ အဆိုပါဓါတ်ခွဲခန်းအတွက် ဂျပန်မှ ပညာရှင်များလည်းရောက်ရှိနေပြီဖြစ်ရာ အရည်အသွေး စစ်ဆေးခြင်းနဲ့ ပို့ကုန်ပစ္စည်းများအရည်အသွေးမီရန်အတွက် လုပ်ဆောင်မည်ဖြစ်ပြီး မကြာမီအချိန်အတွင်း လုပ်ငန်း စတင်နိုင်တော့မည်ဖြစ်ပါတယ်။

          ဓါတ်ခွဲခန်းကို နိုင်ငံတကာအသိအမှတ်ပြု အဆင့်ထိဖြစ်အောင် လုပ်ဆောင်မှာဖြစ်ပါတယ်။ ပြည်ပသို့ တင်ပို့မဲ့ ရော်ဘာများရဲ့ အရည်အသွေးကို နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရန် ရည်ရွယ်ထား ကြောင်း သိရှိရပါတယ်။ သို့ပါသာ ထွက်ရှိလာမဲ့ ရော်ဘာများမှာ ကမ္ဘာ့ရော်ဘာဈေးကွက်ပေါက်ဈေးအတိုင်း ရရှိနိုင်တော့မှာဖြစ်တဲ့အတွက် ကြိုတင်သတင်းကောင်းပါးလိုက်ရပါတယ်။

         

                                                                                                                                            ယဉ်ယဉ်အေး MIRT   (DCCA)