ဂျပန်နိုင်ငံမြောက်ပိုင်းကို ဖြတ်သန်းတိုက်ခတ်လာသည့်အအေးလှိုင်းသည် ဆိုးလ်နှင့် ဘေဂျင်းတို့အထိပါတိုက်ခတ်လျက်ရှိ

   ဂျပန်နိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်သန်းတိုက်ခတ်ခဲ့သည့် အအေးလှိုင်းသည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့နှင့် တရုတ်နိုင်ငံ ဘေဂျင်းမြို့အထိပါ တိုက်ခတ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

  ဖေဖော်ဝါရီ ၂ရက်က ဂျပန်နိုင်ငံမြောက်ပိုင်းတွင် အအေးလှိုင်းကျရောက်မှုကြောင့် နှင်းမုန်တိုင်းများတိုက်ခတ်ခဲ့သည်။ အဆိုပါ နှင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် ခြောက်ပေ အမြင့်ရှိ နှင်းထုများဖြစ်ပေါ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနမှသတင်းထုတ်ပြန်ခဲ့သည်။

   အထူးသဖြင့် ဟိုကိုင်းဒိုးပြည်နယ်တွင် နှင်းထုများမှာပိုမိုကျရောက်လျက်ရှိပြီး ဟိုကိုင်းဒိုးပြည်နယ်မှ စစ်သား ၅၀ ကျော်တို့က နှင်းထုများကိုဖယ်ရှားပေးလျက်ရှိကြောင်း အဆိုပါ သတင်းတွင်ဖော်ပြထားသည်။

  နှင်းထုသည် အိမ်များမြုပ်လုနီးပါးအထိကျရောက်ခဲ့သဖြင့် နေအိမ်များအတွင်း၌နေထိုင်ရန်ခက်ခဲခဲ့ကြောင်းဖြင့် ဒေသဆိုင်ရာသတင်းဌာနများက ရေးသားခဲ့သည်။

  ဆိုးလ်မြို့တွင်ကျရောက်ခဲ့သည့် နှင်းထုမှာတစ်လက်မခန့်ရှိပြီး ပင်လယ်ဝါကိုဖြတ်သန်းတိုက်ခတ်လာသည့် ရေအေးစီးကြောင်းများကြောင့်လည်း အဆိုပါဒေသများတွင်အအေး ပိုလာနိုင်ကြောင်း ဆင်ဟွာသတင်းကရေးသားခဲ့သည်။

  ''အအေးလှိုင်းဟာ နောက်တစ်ပတ်လောက်အထိဖြတ်သန်းနိုင်ပါသေးတယ်။ အပူချိန်တွေ မြင့်တက်လာနိုင်တယ်ဆိုပေမယ့် အအေးလှိုင်းဖြတ်သန်း မှုကြောင့် အဲဒီဒေသတွေ မှာ အပူချိန်တွေ စံချိန်တင်ကျဆင်းလာနိုင်ပါသေးတယ်''ဟု မိုးလေဝသပညာရှင် ဂျေဆင်နီခိုးလ်က ပြောကြားခဲ့သည်။

 ထို့ပြင် အရှေ့အာရှတစ်ခွင်တွင် ယခုလအလယ်ပိုင်းအထိ အပူချိန်များလျော့ကျနိုင်သေးကြောင်း၊ ဂျပန်နိုင်ငံအနောက်ပိုင်းနှင့် ဆိုးလ်မြို့တို့တွင် အပူချိန်များ ကျဆင်း လာနိုင်သေးကြောင်းဖြင့် နီခိုးလ်ကဆက်လက်ပြောကြားခဲ့သည်။

MTD