ပြင်ပပေါက်ဈေးနှင့် ငွေလဲစင်တာများ၏ ပေါက်ဈေးများကွာဟချက်အနည်းငယ်များလာ

   ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သည့် မြန်မာ့ငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင်လည်း ဆက်လက်မြင့်တက်လာခဲ့ပြီး  ပြင်ပငွေလဲဈေးကွက်အတွင်းမှ ငွေ လဲနှုန်းများနှင့်ပုဂ္ဂလိကဘဏ်များ၏ ငွေလဲစင်တာများ၏ ငွေလဲနှုန်းများကွာဟချက်အနည်းငယ်များလာကြောင်း ငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

   ''ဒီတစ်ပတ်မှာလည်း ငွေဈေးကထပ်ပြီးမြင့်တက်လာတယ်။ မြန်မာ့ရွှေဈေးကကျရိပ်သန်းလာတဲ့အတွက် အဲဒီဘက်ကလူတွေ ဒီဘက်ကိုလှည့်လာတယ်လို့ထင်တယ်။ နောက် ပြီး အပြင်ဈေးနဲ့ ဘဏ်ငွေလဲစင်တာတွေရဲ့ ဈေးကွာဟချက်ကများလာတယ်။ ဟိုအရင် ရက်သတ္တပတ်တွေတုန်းက ကွာဟချက်က တစ်ကျပ်နှစ် ကျပ်လောက်ပဲရှိပေမယ့် ခုရက် ထဲမှာ ငါးကျပ်ကနေ ခြောက်ကျပ်အထိများလာတယ်။ ဒီလိုများလာတာဟာ ဈေးကစားဖို့အတွက် အချက်ပြလာတာပဲ။ ဘဏ်ရည်ညွှန်းငွေလဲနှုန်းက ၁၀၂၇ ကျပ်ရှိတယ်။ အခုအပြင်မှာရောင်းနေတဲ့နှုန်းက ဘဏ်ရည်ညွှန်းငွေလဲနှုန်းနဲ့ယှဉ်ရင် ကွာဟချက်က တော်တော်လေးကို များနေတယ်''ဟု ပြင်ပဈေးကွက်အတွင်း ရောင်းဝယ်နေသူ တစ်ဦးက ဆိုသည်။

   သိမ်ဖြူငွေလဲစင်တာတွင် ဖေဖော်ဝါရီ ၂၃ ရက်က ဝယ်ဈေး ၁၀၂၉ ကျပ်၊ ရောင်းဈေး ၁၀၃၄ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၆၊ ၂၇ရက်တို့တွင် ဝယ်ဈေး ၁၀၃၁ ကျပ်၊ ရောင်းဈေး ၁၀၃၅ ကျပ်ရှိခဲ့သည်။

   ပြင်ပငွေဈေးကွက်တွင် ဖေဖော်ဝါရီ ၂၃ ရက်က ဝယ်ဈေး ၁၀၃၃ ကျပ်၊ ရောင်းဈေး ၁၀၃၇ ကျပ်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၆၊ ၂၇ရက်တို့တွင် ဝယ်ဈေး ၁၀၃၉ ကျပ်၊ ရောင်းဈေး ၁၀၄၁ ကျပ်သို့ဆက်လက်မြင့်တက်ခဲ့ကြောင်းသိရသည်။

မယ်သီတာ