ဂရိနိုင်ငံ စီးပွားရေးနာလန်ထူရေးအတွက်အန္တရာယ်များနဲ့ရင်ဆိုင်နေရကြောင်း ဂရိဗဟိုဘဏ်ကပြော

   ဂရိအစိုးရက မြီရှင်များနဲ့ အောင်မြင်စွာ စေ့စပ်ညှိနှိုင်းနိုင်မှုမရှိခြင်း၊ အစိုးရဘဏ္ဍာရေးအခြေအနေကိုဆိုးဝါးအောင်ဆောင်ရွက်ခြင်းနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို  ရပ် ဆိုင်းအောင်ပြုလုပ်မည်ဆိုပါက ယခုနှစ်မှာ ဂရိနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအလားအလာအတွက် အန္တရာယ်ရှိနေကြောင်း ဂရိဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ ၂၆ ရက် က ပြောပါတယ်။

  ဂရိနိုင်ငံရဲ့ချေးငွေကို နောက်ထပ် လေးလတိုးပေးဖို့အတွက် ယူရိုဇုန်နဲ့  စေ့စပ်ဆွေးနွေးမှုများက နောက်ဆုံးအချိန်မှာ အောင်မြင်မှုရခဲ့ပါတယ်။ ဒါကြောင့် ဂရိဘဏ်စနစ်ပြို ကွဲတော့မယ့်အခြေအနေကို လက်တကမ်းအလိုမှာ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ထပ်မံတိုးချဲ့ပေးလိုက်တဲ့ ကာလအတွင်း နောက်တစ်ဆင့်အတွက် ပြုပြင်ပြောင်းလဲမှုများ ကို ဆောင်ရွက်ပြီး မြီရှင်တွေနဲ့ စေ့စပ်ညှိနှိုင်းဖို့အချိန်ရရှိမှာဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက်ပြီး မြီရှင်များနဲ့ အပြီးသတ်သဘောတူညီမှုရအောင်ဆောင်ရွက်ဖို့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး  ယန်နစ်စတိုးနာရပ်က အစိုးရကိုတိုက်တွန်းပါတယ်။

  ခြောက်နှစ်ကြာ  စီးပွားရေးဆုတ်ကပ်ဖြစ်ပွားမှုကြောင့် လူလေးဦးမှာ တစ်ဦးအလုပ်လက်မဲ့ဖြစ်ခြင်း၊  လူနေမှုအဆင့်နိမ့်ကျခြင်းနဲ့ ဆင်းရဲနွမ်းပါးမှုမြင့်တက်ခြင်းတို့နဲ့ ကြုံတွေ့ခဲ့ ရပြီးနောက် ၂၀၁၄ ခုနှစ်အတွင်း ဂရိနိုင်ငံဖွံ့ဖြိုးတိုးတက်မှုပြန်လည်ရရှိလာခဲ့ပါတယ်။ ဂရိနိုင်ငံရဲ့ စီးပွားရေးက  ယခုနှစ်မှာ ပြန်လည်ဖွံ့ဖြိုးလာပြီး လာမယ့်နှစ်မှာ စီးပွားရေး နာလန်ထူမှု အရှိန်ရလာလိမ့်မယ်လို့ ဗဟိုဘဏ်ကခန့်မှန်းထားပါတယ်။

   ဒါပေမယ့် အစိုးရက ပထမဆုံးအဖြစ် မြီရှင်တွေနဲ့ စေ့စပ်ဆွေးနွေးပြီးဆောင်ရွက်ဖို့  ကျန်ရှိနေသေးတဲ့ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အလေးပေး တဲ့  အမျိုးသားဖွံ့ဖြိုးရေးမူဝါဒတွေချမှတ်ဖို့လိုမယ်လို့ စတောနာရပ်ကသတိပေးထားပါတယ်။

ဉာဏ်တင်