ပါကစ္စတန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်း၍ လူပေါင်း ၂၅ ဦးထက်မနည်း သေဆုံး

  ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မြေပြိုမှုများ၊ ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၅ ဦးထက်မနည်း သေဆုံးခဲ့ ရကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

   မိုးသည်းထန်မှုကြောင့် ရာဝါပင်ဒီမြစ်ရေလျှံတက်ခဲ့ရာ ၁၆ ပေ အမြင့်အထိ ရေများမြင့်တက်ခဲ့ကြောင်းသိရသည်။

   ထို့ပြင် ပက်ရှ်ဝါဒေသတွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ သဖြင့် လမ်းများပျက်စီးခဲ့ကာ ယာဉ်အသွားအလာများပိတ်ခဲ့ရသည် အထိဖြစ်ခဲ့ရသည်ဟုဆိုသည်။

   ပက်ရှ်ဝါမြို့တွင် ရုတ်တရက် မိုးများ သည်းထန်စွာရွာချခဲ့သဖြင့်  မြေပြိုမှုများဖြစ်ပေါ်ခဲ့ကာ နေအိမ်များလည်း ပြိုကျပျက်စီးခဲ့ရသည်။

   တောင်ပေါ်ဒေသများတွင်လည်း မိုးရွာသွန်းမှုနှင့်အတူ နှင်းများလည်း ကျရောက်လာသဖြင့် အပူချိန်များကျဆင်းခဲ့ကာ အအေး ဓာတ်များ လွန်ကဲခဲ့သည်ဟုဆိုသည်။

   မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်ထပ်တိုက်တစ်လုံး ပြိုကျ ခဲ့ရာ အဆိုပါတိုက်အိမ်တွင်နေထိုင်သည့်လူပေါင်း ၁၈ဦးမှာ ဒဏ်ရာများ ပြင်းထန်စွာရရှိသွားခဲ့သည်။

   ပက်ရှ်ဝါဒေသနှင့် လာဟိုးပြည်နယ်တို့မှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက အလောင်းများနှင့် ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိနေကြောင်းသိရသည်။

   ပါကစ္စတန်စစ်တပ်မှ တပ်ဖွဲ့ဝင်များသည် ရာဝါပင်ဒီနှင့် အစ္စလာမ်မာဘတ်မြို့တို့တွင် ရေလွှမ်းမိုးနိုင်သည်ဟူသော သတိပေးစာ တမ်းများကို နေရာအနှံ့တွင် လိုက်လံဝေငှလျက် ရှိကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

   ရေလွှမ်းမိုးမှုများကြောင့် ပါကစ္စတန်နိုင်ငံရှိ အဓိကလမ်းမများကိုပိတ်ထားခဲ့ရပြီး မြေပြိုမှုများကြောင့်လည်း လမ်းများပိတ်ထားခဲ့ရကြောင်းဖြင့် ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းပြီးနောက် နှင်းများကျရောက်ခဲ့သဖြင့် လမ်းမများတွင်ထွန်းထားသည့် မာကျူရီမီးများမှာ သဲသဲကွဲကွဲမြင်နိုင်စွမ်းအားမရှိကြောင်းဖြင့် ၎င်းက ပြောကြားခဲ့သည်။

မယ်သီတာ