မိုင်းဖြတ်-မိုင်းယောင်းလမ်းကြောင်းပေါ်က တရားမဝင်သစ်လုံးတင် Dump Truck ၃ စီး တားဆီးရမိ

 

     သတင်းပေးများထံက သတင်းရရှိတဲ့အတွက် တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ စခန်းတာဝန်ခံ ဦးစီး Mobile Team အဖွဲ့ဟာ မိုင်းဖြတ်-မိုင်းယောင်း လမ်းကြောင်းမှာ မတ်လ ၁၃ ရက်နေ့မှ စတင် ကင်းပုန်းဝပ် စောင့်ဆိုင်းမှုပြုလုပ်ခဲ့ပါတယ်။ သတင်းပေးပို့မှုကတော့ မိုင်းဆတ်မှ သစ်ကား ၁၀ စီး မိုင်းဖြတ်ဘက်သို့ ထွက်ခွာလာကြောင်းနဲ့ ဘိုရှီး-မိုင်းဖြတ်ကြားထိ ရောက်ရှိနေကြောင်း မတ်လ ၁၃ ရက်နေ့က သတင်းရရှိခဲ့တာဖြစ်ပါတယ်။ သတင်းအရ ဘိုရှီး- မိုင်းဖြတ်ကြား လိုက်လံပိတ်ဆို့သော်လည်း မိုင်းယောင်း ဘက်ကိုထွက်လာခြင်းမရှိသေး၍ မတ်လ ၁၄ ရက်နေ့ တစ်ညလုံးဆက်လက်ပိတ်ဆို့စောင့်ဆိုင်းခဲ့ပြီး မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းမှာတော့ တာချီလိတ် သို့ပြန်လည် အခြေပြုခဲ့ပါတယ်။

       Mobile Team အဖွဲ့ မိုင်းယောင်းလမ်းကြေင်းပေါ်မှ ပြန်လည်ရုတ်သိမ်းချိန်မှာတော့ သစ်ကားများဟာ ၎င်းတို့ ခိုအောင်းသောနေရာများမှ မတ်လ ၁၅ ရက် ဝ၈ း ဝ၀ ချိန်ခန့်မှာ မိုင်းယောင်းဘက်သို့ ထွက်ခွာသွား ကြောင်း ဖုန်းသတင်းထပ်ရသဖြင့် အဖွဲ့ (၂) ဖွဲ့ ခွဲပြီး နောက်မှ လိုက်လံဖမ်းဆီးခဲ့ရာ ၁၁း ၄၀ ချိန်ခန့်မှာ မိုင်းဖြတ်မှ ၂၃ မိုင်ခန့်အကွာ မိုင်းဖြတ်-မိုင်းယောင်းလမ်းကြောင်းပေါ်မှာ Dump Truck အမျိုးအစား သစ်တင်ယာဉ် (၃) စီးနဲ့ နောက်ပိတ် အဖြစ်လိုက်ပါလာတဲ့ Toyota Tiger တို့က တားဆီးနိုင်ခဲ့ပါတယ်။ ယာဉ်မောင်းများမှ တောတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားကြတယ်လို့ သိရပါတယ်။ သတင်းအရမှာ သစ်ကား (၁၀) စီးဖြစ်သော်လည်း သစ်ကား ၃ စီးနဲ့ နောက်ပိတ်ယာဉ်ကိုသာ တားဆီးနိုင်ခဲ့ပြီး တားဆီးရမိယာဉ်များကို တာချီလိတ်မယ်ယန်းယာဉ်စစ်ကွင်းသို့  ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး အဖွဲ့စုံဖြင့် ဖွင့်ဖောက်စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။ နောက်ပိတ်အဖြစ်လိုက်ပါလာတဲ့ Toyota Tiger ယာဉ်ခေါင်းခန်းမှာ ကျပ် ၁၀ဝဝဝ တန် ၁၀ အုပ်ကို သားရေတုအိတ်နဲ့ ထည့်ထားသည်ကိုလည်း ရှာဖွေတွေ့ရှိ သဖြင့် ပြည်သူ့ ဘဏ္ဍာအဖြစ် လုပ်ထုံးလုပ်နည်းနဲ့ အညီ သိမ်းဆည်းရန် စီစဉ်ထားပြီး ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

                                                                 

   DCCA  DCCA