ထိုင်းနိုင်ငံ၏တန်ဖိုးမြှင့်ခွန်နှုန်း ၇ ရာခိုင်နှုန်းမှာပင်ဆက်လက်ထားရှိနိုင်

   ထိုင်းနိုင်ငံသည် စီးပွားရေးနာလန်ထူလာမှုအတွက် ဆက်လက်ကြိုးပမ်းရုန်းကန်နေရဦးမည့် အခြေအနေများကြောင့် ပြည်တွင်းစားသုံးမှုကို အထောက်အကူဖြစ်စေရန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် တန်ဖိုးမြှင့်ခွန် (value-added  tax- VAT) ကို နောက်ထပ် တစ်နှစ်သို့မဟုတ်နှစ်နှစ်အထိ ၇ ရာခိုင်နှုန်းမှာပင်ဆက်လက်ထားရှိနိုင်ကြောင်း ဘဏ္ဍာရေးမူဝါဒဌာန (FPO) ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပါသည်။

   VAT ၇ ရာခိုင်နှုန်း သတ်မှတ်ချက်သည် လာမည့် စက်တင်ဘာ လ ၃၀ ရက်နေ့တွင် သတ်မှတ်ကာလ ကုန်ဆုံးမည် ဖြစ်ပါသည်။ ဘဏ္ဍာရေး ဝန်ကြီးဌာနသည် အစိုးရ၏ လိုငွေပြရသုံးမှန်းခြေ ငွေစာရင်းကို ထောက်ပံ့ပေးရန် ယခုဘဏ္ဍာနှစ်တွင် VAT ကို နောက် ထပ်အနည်းဆုံး ၁ ရာခိုင်နှုန်းတိုးမြင့်မည်ဟု ယခင်ကကြေညာခဲ့ပါသည်။ သို့ရာတွင် VAT တိုးမြှင့်ခြင်းဖြင့် လက်ရှိအချိန်မှာ ကျဆင်း နေဆဲဖြစ်သော ပြည်တွင်းစားသုံးမှုကို အားပျော့စေနိုင်ကြောင်းထောက်ပြ၍ ကန့်ကွက်ခဲ့ကြပါသည်။

  ဘဏ္ဍာရေးဝန်ကြီးဌာန၏ အစီအစဉ်/လုပ်ငန်းစဉ်အရ အမွေဆက်ခံခြင်း အခွန်၊ မြေနှင့်အဆောက် အအုံအခွန်စသည်တို့နှင့်ပတ်သက်၍ ဆုံးဖြတ်သတ်မှတ်ပြီးမှ VAT အခွန်နှုန်းနှင့်ပတ်သက်၍  စဉ်းစားဆုံးဖြတ်မည်ဖြစ်ကြောင်းသိရှိရပါသည်။ VAT ကို ၁၉၉၂ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၁၀ ရာခိုင်နှုန်းသတ်မှတ်ခဲ့သော်လည်း စီးပွားရေးလုပ် ငန်းများ၏ မေတ္တာရပ်ခံချက်အရ ၇ ရာခိုင်နှုန်းသို့ ချက်ချင်းလျှော့ချပေးခဲ့ပါသည်။

  အစိုးရ၏ အနာဂတ်ရင်းနှီး မြုပ်နှံမှုများအတွက် ငွေကြေးထောက်ပံ့ပေးနိုင်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် အခွန်ဝင်ငွေပိုမိုရရှိရေးဆောင်ရွက်ရန် စိတ်အားထက်သန် လျက်ရှိပါသည်။ အကယ်၍အမွေဆက်ခံခြင်းအခွန်၊ မြေနှင့်အဆောက်အအုံအခွန်စသည်တို့ကို အကောင်အထည်ဖော်နိုင်ခြင်းမရှိပါက VAT ကိုမြှင့်တင်ရန်လိုအပ် လာနိုင်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်မှ သတိပေးပြောကြားခဲ့ပါသည်။

   ထို့ပြင် ဘဏ္ဍာရေးမူဝါဒဌာနသည် ပုဂ္ဂလိကသုံးစွဲမှု မြှင့်တင်ရန် ဝန်ဆောင်ခအပေါ်ကောက်ခံသော နုတ်ဖြတ်ခွန် (Withholding tax) ကို ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း သို့လျှော့ချရန် အဆိုပြုတင်ပြခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြံပေးအဖွဲ့မှ Withholding tax အတွက် ၂ ရာခိုင်နှုန်းသည် အသင့်တော်ဆုံးဖြစ်လိမ့်မည်ဟု ယူဆပါ သည်။

   လုပ်ငန်းဝင်ငွေခွန်နှင့် (တစ်ဦးချင်း) ဝင်ငွေခွန်လျှော့ချခဲ့ပြီးနောက် Withholding tax လျှော့ချရန် အဆိုပြုခဲ့ကြခြင်းဖြစ်ကြောင်း၊ အခွန်ဝန်ထုပ်ဝန်ပိုးနည်းပါးခြင်းသည် အခွန် ထမ်းများ၏ ငွေဖြစ်လွယ်မှုကိုမြှင့်တင်ပေးပြီး ပိုမိုသုံးစွဲစေရန် တွန်းအားပေးနိုင်သည်ဟုယူဆကြကြောင်းသိရှိရပါသည်။

ရီရီမွန်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဗန်ကောက်မြို့