OGL အကြောင်း သိကောင်းစရာ
အထွေထွေခွင့်ပြုမိန့် (Open General License - OGL) လျှောက်ထားခြင်းအကြောင်း သိကောင်းစရာများ
အထွေထွေခွင့်ပြုမိန့်ကို တာဝန်ခံကျင်းပသည့်ဌာန/ အဖွဲ့အစည်း/ တာဝန်ခံစီစဉ်ကျင်းပသူ က ကုန်စည်ပြပွဲတွင် ပါဝင်ပြသသူအားလုံးကိုယ်စားစုပေါင်း၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူပြီး (၁) လ ကြိုတင် လျှောက်ထားရမည်။ အထွေထွေခွင့်ပြုမိန့် (OGL) ပုံစံကို လျှောက်ထားလိုသူအနေဖြင့် https://mitc.Myantrade. gov.mm/ တွင် Download ရယူလျှောက်ထားနိုင်သည်။ အထွေထွေခွင့်ပြုမိန့် (OGL) လျှောက်ထားရာတွင် တင်ပြရမည့် စာရွက်စာတမ်း အထောက်အထားများမှာ အောက်ပါ အတိုင်းဖြစ်သည်-
(က) မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွန်ကြားရေးမှူးချုပ်ထံလိပ်မူ၍ လျှောက်လွှာ (Company Letterhead ဖြင့်)
( ခ ) အွန်လိုင်းလျှောက်လွှာ
( ဂ ) ထုတ်ကုန်/သွင်းကုန် မှတ်ပုံတင် (မိတ္တူ)
(ဃ) တင်သွင်းပြသမည့်ပစ္စည်းစာရင်း (Invoice)
အထွေထွေခွင့်ပြုမိန့်(OGL) လျှောက်ထားရာတွင် ထောက်ခံချက်များ ပူးတွဲ တင်ပြရန် လိုအပ်သည့် ပစ္စည်း အမျိုးအစားများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထောက်ခံချက်များကို ပူးတွဲတင်ပြရမည်။ ထောက်ခံချက် ရယူရန် လိုအပ်သော ပစ္စည်းအမျိုးအစားများနှင့် ထောက်ခံချက် ထုတ်ပေးမည့် ဝန်ကြီးဌာနများစာရင်းမှာ အောက်ပါ အတိုင်းဖြစ်သည်-
ထောက်ခံချက်ယူရမည့်ပစ္စည်း | ထောက်ခံချက်ယူရမည့်ဝန်ကြီးဌာန |
---|---|
မူးယစ်ဆေးဝါး(သို့) စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများထုတ်လုပ်ရာ၌ အသုံးပြုသည့် ဓါတုဗေဒပစ္စည်း (၂၆) မျိုး | ပြည်ထဲရေးဝန်ကြီးဌာန |
နိုင်ငံခြားရုပ်ရှင်ကားများ | ပြန်ကြားရေးဝန်ကြီးဌာန |
တဲလက်စ်၊ ဖက်စ်၊ တယ်လီဖုန်းများအပါအဝင် ဆက်သွယ်ရေးပစ္စည်းများ | ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန |
ပုဇွန်သားပေါက်နှင့် ပုဇွန်အားဆေး၊ ငါးအစာများ၊ Alive Fish၊ ငါးဖမ်းရေယာဉ် | စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန |
တိရစ္ဆာန်ဆေး၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ တိရစ္ဆာန်များ ခွဲစိတ်ကုသရာတွင် အထောက်အကူပြု ပစ္စည်းများ (Transit Trade စနစ် အပါအဝင်) | စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန |
ပိုးသတ်ဆေး | စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန |
မျိုးစေ့နှင့် ဓာတ်မြေဩဇာ | စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန |
ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ ဆံပင်များ | ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန |
စားသောက်ကုန်ပစ္စည်းများ | ကျန်းမာရေးနှင်း အားကစားဝန်ကြီးဌာန သို့မဟုတ် နိုင်ငံတကာအသိအမှတ်ပြု PDF လက်မှတ် |
ရေယာဉ် | ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန |
အထွေထွေခွင့်ပြုမိန့်ဖြင့် တင်သွင်းလာသောပစ္စည်းများကို ကုန်စည်ပြပွဲအတွင်း ပြသခြင်း၊ ရောင်းချခြင်း၊ နမူနာအဖြစ် အခမဲ့ ဖြန့်ဝေခြင်း၊ ကျန်ရှိပစ္စည်းများကို ပြန်လည်တင်ပို့ခြင်း ဆောင်ရွက်နိုင်သည်။ ဆောင်ရွက်လို သည့်လုပ်ငန်းကို အထွေထွေခွင့်ပြုမိန့် လျှောက်ထားစဉ်ကပင် ဖော်ပြလျှောက်ထားရမည်။ ပြသရုံ သက်သက်သာခွင့်ပြုသော ပစ္စည်းများကို ရောင်းချခွင့်မပြု။
ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများ၊ ဆွေးနွေးပွဲများတွင် ခင်းကျင်းပြသရန် ကုန်ပစ္စည်းများ တင်သွင်း/တင်ပို့ခြင်း အတွက် အထွေထွေခွင့်ပြုမိန့် (OGL) တစ်စောင်၏ ဝန်ဆောင်ခနှုန်းထားများ မှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) အထွေထွေခွင့်ပြုမိန့် (Inbound) - ၅၀၀၀၀ ကျပ်
( ခ ) အထွေထွေခွင့်ပြုမိန့် (Outbound) - ၅၀၀၀၀ ကျပ်
အထွေထွေခွင့်ပြုမိန့် (OGL) ကို ကုန်စည်ပြပွဲပြီးဆုံးပြီး(၁)လအတွင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့သို့ အခွန်ရှင်းလင်းမှုမှတ်တမ်းများနှင့်အတူပြန်လည် ပေးအပ်ရမည်။