အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်မြှင့်တင်ရေးမူဝါဒ၏ အဓိက အခန်းကဏ္ဍအဖြစ် အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy-NES) ကို ၂၀၁၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပါသည်။ အမျိုးသားပို့ကုန်မဟာဗျူဟာကို ပို့ကုန်အမယ်စုံတင်ပို့နိုင်ရေး အတွက် စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုနှင့် နည်းပညာမြှင့်တင် ဆောင်ရွက်ခြင်းတို့ဖြင့် ဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်စေရေး ဦးတည်ဆောင်ရွက်မည်ဖြစ်ပါသည်။ 
 

မျှော်မှန်းချက် (Vision)

“ထွန်းသစ်စမြန်မာနိုင်ငံအတွက် ပို့ကုန်ဦးဆောင်သည့် စဉ်ဆက်မပြတ် တိုးတက်မှုနှင့် ကြွယ်ဝမှုဆီသို့” (Sustainable Export-Led Growth and Prosperity for Emerging Myanmar)


ဦးတည်ချက်များ (Objectives)

  • မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ၏ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး အတွက် တီထွင်ဆန်းသစ်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းတို့ကို မြှင့်တင်ဆောင်ရွက်ရန်။ (Stimulate agricultural export product diversification, innovation and value added production.)
  • လုပ်သာကိုင်သာရှိသော အဖွဲ့အစည်းနှင့် စည်းမျဉ်းမူဘောင်များဆိုင်ရာ ပတ်ဝန်းကျင် ကောင်းတစ်ခု ဖော်ဆောင်ရန်။ (Foster an enabling institutional and regulatory environment.)
  • ထုတ်လုပ်မှု စွမ်းဆောင်ရည်များတိုးချဲ့ခြင်းနှင့် တန်ဖိုးမြှင့်ပို့ကုန်များ တိုးတက်စေရန်။ (Expand productive capacities and develop higher value-added exports.)


အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉)

   ပထမအဆင့်ဖြစ်သည့် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ကို ဂျာမဏီနိုင်ငံ GIZ ၏ အထောက်အပံ့နှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC) ၏ နည်းပညာအကူအညီဖြင့် ဦးစားပေးကဏ္ဍ ၇ ခုနှင့် အထောက်အကူပြုကဏ္ဍ ၄ ခုတို့ကို ရွေးချယ်၍ ဆောင်ရွက်ခဲ့ပြီးဖြစ် ပါသည်-

ဦးစားပေးကဏ္ဍများ (Priority Sector)

(၁)    ဆန်စပါးကဏ္ဍ (Rice)
(၂)    ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍ (Pulses and Oil Seeds)
(၃)    ရေထွက်ကုန်လုပ်ငန်းကဏ္ဍ (Fisheries)
(၄)    အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ (Textile and Garment)
(၅)    သစ်တောထွက်ပစ္စည်းကဏ္ဍ (Forestry)
(၆)    ရော်ဘာလုပ်ငန်းကဏ္ဍ (Rubber)
(၇)    ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism)

အထောက်အကူပြုကဏ္ဍများ (Trade Support Functions)

(၈)    ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိနိုင်ရေးကဏ္ဍ (Access to Finance)
(၉)    ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ (Trade Information)
(၁၀)    အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ (Quality Management)
(၁၁)    ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ (Trade Facilitation and Logistics)

 

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၁၅-၂၀၁၉) အကောင်အထည်ဖော် ဆောင်ရွက်မှု

   အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စတင် သည့်အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် နိုင်ငံတော်ဒုတိယသမ္မတ-၂ မှ တက် ရောက်ချီးမြှင့်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ 
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ၏ စီမံကိန်းကာလ ၅ နှစ်အတွင်း နိုင်ငံတော် ဘတ်ဂျက်ပါဝင်သော စီမံကိန်းများအပါအဝင် စီမံကိန်း ၁၃၁ ခုကို အကောင်အထည် ဖော်နိုင်ခဲ့ ပါသည်။ ထို့အပြင် ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များနှင့် ဆက်စပ်နေသည့် စီမံကိန်းများ၏ ၆၉ ရာခိုင်နှုန်းကိုဆောင်ရွက်နိုင်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီးများတွင် အများဆုံး ဆောင်ရွက်နိုင်ခဲ့ပါသည်။
   အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များ၏ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအရ ဆန်စပါးကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည် ကဏ္ဍ၊ ရေထွက်ကုန်ပစ္စည်းကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့တွင် ပို့ကုန်ဝင်ငွေတိုးတက်မှုများ ရရှိခဲ့ပါသည်။

 

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅)

အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို ယခင် UK Department for International Development  (DFID) ယခု Foreign Commonwealth & Development Office (FCDO) ၏ ရန်ပုံငွေပံ့ပိုးမှုနှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန၏ နည်းပညာအကူအညီဖြင့် ရေးဆွဲခဲ့ ပါသည်။
    အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် ဆောင်ရွက်ရန် ဦးစားပေးကဏ္ဍ ၁၃ ခု နှင့် အထောက်အကူပြုကဏ္ဍ ၅ ခုကို နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ အောက်ပါ အတိုင်းရွေးချယ်ခဲ့ပါသည်-

ဦးစားပေးကဏ္ဍများ (Priority Sectors)

(၁)    ဆန်နှင့် ဆန်ထွက်ပစ္စည်းကဏ္ဍ (Rice and Rice Products Sector)
(၂)    ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ (Pulses & Oilseeds Sector)
(၃)    ရေထွက်ကုန်လုပ်ငန်းကဏ္ဍ (Fishery Sector)
(၄)    ရော်ဘာလုပ်ငန်းကဏ္ဍ (Rubber Sector)
(၅)    အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ (Textile & Garments Sector)
(၆)     စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍ (Food Processing Sector)
(၇)    သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍ (Fresh Fruits and Vegetables Sector)
(၈)    သစ်တောထွက်ပစ္စည်းကဏ္ဍ (Forestry Products Sector) 
(၉)     လျှပ်စစ်နှင့် အီလက်ထရောနစ်စက်ပစ္စည်းကဏ္ဍ(Electrical & Electronic Machinery Sector)
(၁၀)    ကျောက်မျက်နှင့်လက်ဝတ်ရတနာကဏ္ဍ(Gems and Jewellery Sector)
(၁၁) လက်မှုအနုပညာပစ္စည်းကဏ္ဍ (Handicrafts Sector)
(၁၂)    ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism Sector)
(၁၃)    ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ (Digital Products and Services)

အထောက်အကူပြုကဏ္ဍများ (Trade Support Function)

(၁၄)    ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိနိုင်ရေးကဏ္ဍ (Access to Finance Sector)
(၁၅)    ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ (Logistics Services Sector)
(၁၆)    အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ (Quality Management Sector)
(၁၇)    ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ (Trade Information Sector)
(၁၈)    တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ (Innovation and Entrepreneurship Sector)    
    အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် အကောင်အထည်ဖော်မည့်ကဏ္ဍ ၁၈ ခု အနက် ကဏ္ဍ ၁၄ ခု၏လုပ်ငန်းစီမံချက် (PoAs) များနှင့် ပင်မလုပ်ငန်းစီမံချက် (Master PoA) များ ကို နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန၏ နည်းပညာအကူအညီနှင့် သက်ဆိုင်ရာအစိုးရဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ၏ ကူညီပံ့ပိုးမှုတို့ဖြင့်ရေးဆွဲခဲ့ပြီး စီးပွားရေးရာကော်မတီ၏ ၉/၂၀၂၁ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ၁/၂၀၂၂ ကြိမ်မြောက် အစည်းအဝေးများမှ အတည်ပြုပြီး ဖြစ်ပါသည်။

 

ပို့ကုန်မဟာဗျူဟာရေးဆွဲရန် ကျန်ရှိနေသေးသည့်ကဏ္ဍများ

   အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) တွင် လုပ်ငန်းစီမံချက်ရေးဆွဲရန်ကျန်ရှိသည့် ကဏ္ဍ ၄ ခုအနက်မှ ကျောက်မျက်နှင့် လက်ဝတ်ရတနာကဏ္ဍနှင့် လက်မှုအနုပညာပစ္စည်းကဏ္ဍတို့ အတွက် အသေးစိတ်လုပ်ငန်းစီမံချက်များကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း ရေးဆွဲခဲ့ပြီးဖြစ်၍ ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူ ဆောင်ရွက်မည် ဖြစ်ပါသည်။ 
    ခရီးသွားလုပ်ငန်းကဏ္ဍအတွက် လုပ်ငန်းစီမံချက်ကို သီးခြားရေးဆွဲခြင်းမပြုဘဲ ဝန်ကြီးဌာန က ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည့် မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး လမ်းပြမြေပုံ (၂၀၂၁-၂၀၂၅) (Myanmar Tourism Strategic Recovery Roadmap 2021-2025)  အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဘဏ္ဍာရေးဝန်ဆောင်မှုများရရှိနိုင်ရေးကဏ္ဍ အတွက် လုပ်ငန်းစီမံချက်ကို ကဏ္ဍ၏ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် ဦးဆောင်ဌာနအဖြစ် တာဝန်ယူဆောင်ရွက်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဦးဆောင်၍ သက်ဆိုင်ရာဌာန၊ အသင်း အဖွဲ့များနှင့် ညှိနှိုင်းရေးဆွဲလျက်ရှိသည်။

 

အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် အစည်းအဝေးများ ကျင်းပခြင်း

   အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ရှိ ကဏ္ဍများအလိုက် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအား အတည်ပြုပြီးနောက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် ကဏ္ဍတစ်ခုချင်းအလိုက်ညှိနှိုင်းသည့် အစည်းအဝေးများကို ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလမှ ဧပြီလနှင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ကဏ္ဍ အလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများတွင် ပါဝင်သည့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို ပြန်လည် Update ပြုလုပ်ခြင်း၊ PoAs ပါ လုပ်ငန်းစဉ်များအနက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ အချိန်ကာလထပ်မံတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်မည့် လုပ်ငန်းစဉ်များစသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
    အစည်းအဝေးများတွင် ဆွေးနွေးရရှိခဲ့မှုများအရ ကဏ္ဍအလိုက်ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဖွဲ့စည်းမိန့်ကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့တွင် ထုတ်ပြန်၍ သက်ဆိုင်ရာများသို့ ဖြန့်ဝေခဲ့ပါသည်။

 

အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်ရာတွင် သုံးစွဲမည့်အသုံးစရိတ်

   ဦးစားပေးကဏ္ဍများအလိုက် မျှော်မှန်းချက်၊ ဦးတည်ချက်များအရ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းတစ်ခုချင်းစီအတွက် အောက်ပါအတိုင်း ဆောင်ရွက် မည် ဖြစ်ပါသည်-

  • နိုင်ငံတော်၏ ဘတ်ဂျတ်ရန်ပုံငွေမှ တိုက်ရိုက်တင်ပြတောင်းခံသုံးစွဲခြင်း။
  • ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း။
  • အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ (PPP)
  • နိုင်ငံတကာအလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခြင်း။ (Donor Assistance)

 

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) အကောင်အထည်ဖော်ခြင်းအတွက်ကြီးကြပ်လမ်းညွှန် မှုပေးမည့် ကော်မတီနှင့် ကောင်စီများဖွဲ့စည်းခြင်း

   အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သောမူဝါဒများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် “အစိုးရ-ပုဂ္ဂလိကကုန်သွယ် မှုမြှင့်တင်ရေးကောင်စီ” ကို အမိန့်ကြော်ငြာစာအမှတ် ၃၈/၂၀၂၄ ဖြင့်လည်းကောင်း၊ အမျိုးသား ပို့ကုန်မဟာဗျူဟာအတွက် လတ်တလော အကျိုးဖြစ်ထွန်းရရှိနိုင်မည့် ဦးစားပေးနယ်ပယ်များ ဖော်ထုတ်၍ ပြန်လည်သုံးသပ်ဆောင်ရွက်ရန်နှင့် လက်တွေ့ဆောင်ရွက်နိုင်မည့် နှစ်အလိုက် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် “အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ”  ကို အမိန့်ကြော်ငြာစာအမှတ် ၃၉/၂၀၂၄ ဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။
    အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ ၁/၂၀၂၄ ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့နှင့် ၂/၂၀၂၄ ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့များတွင် ကော်မတီဥက္ကဋ္ဌဖြစ်သည့် ပြည်ထောင်စု ဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရုံး ဝန်ကြီးဌာန - ၃ ဦးဆောင်၍ ကျင်းပခဲ့ပါသည်။ 
    အစည်းအဝေးများတွင် ဆွေးနွေးချက်များအရ အမျိုးသားပို့ကုန်မဟာဗျူဟာအကောင် အထည်ဖော်မှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍအလိုက်ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများကို ကျစ်လစ်စွာပြန်လည်ဖွဲ့စည်းခြင်း၊ လုပ်ငန်းစီမံချက်များအား ပြန်လည်ပြုပြင်ရေး ဆွဲခြင်း၊ ကဏ္ဍတစ်ခုချင်းအလိုက် ဆက်သွယ်ဆောင်ရွက်နိုင်မည့် Focal Person သတ်မှတ်ခြင်းတို့ ကို ဆောင်ရွက်ခဲ့ပါသည်။
    အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီနှင့် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီတို့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။

 

အမျိုးသားပို့ကုန်မဟာဗျူဟာ စီမံခန့်ခွဲမှုယူနစ် (NES Management Unit)

   အမျိုးသားပို့ကုန်မဟာဗျူဟာကို အကောင်အထည်ဖော်မှုတွင် ထိရောက်စွာ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ရန် အမျိုးသားပို့ကုန်မဟာဗျူဟာ စီမံခန့်ခွဲမှုယူနစ် (NES Management Unit) ကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တွင် ဖွဲ့စည်းထားရှိပါသည်။ စီမံခန့်ခွဲမှုယူနစ်သည် အမျိုးသား ပို့ကုန်မဟာဗျူဟာကဏ္ဍအလိုက် လုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေ အနေများကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ အစီရင်ခံတင်ပြခြင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်း အစီအစဉ်များရေးဆွဲခြင်းတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
    အမျိုးသားပို့ကုန်မဟာဗျူဟာဆိုင်ရာလုပ်ငန်းရပ်များနှင့် ပတ်သက်၍ NES Management Unit ၏ ဖုန်းနံပါတ် ၀၆၇ ၄၀၈၄၉၅, ၀၆၇ ၄၀၈၄၂၄ နှင့် အီးမေးလ်၊ [email protected], တို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

 

အမျိုးသားပို့ကုန်မဟာဗျူဟာ- NES 2020-2025 Cover Notes ဒေါင်းလုပ်ရယူရန်

အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဖွဲ့စည်းခြင်း

အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီဖွဲ့စည်းခြင်း