MSTIP အကြောင်း

  • ကမ္ဘာ့ကုန်သွယ်မှုတွင် ဝန်ဆောင်မှုလုပ်ငန်းများကုန်သွယ်မှုသည် အလျှင်အမြန်ဖွံ့ဖြိုးကျယ်ပြန့် လာသည်နှင့်အညီ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အခွင့်အလမ်းကောင်းများ ရရှိစေခဲ့ပါသည်။ မြန်မာ့စီးပွားရေးတွင် ဝန်ဆောင်မှုလုပ်ငန်းများ၏အရေးပါမှုသည် ကဏ္ဍ (၂) ရပ်အနေဖြင့် ပါဝင်နေပါသည်။ ပထမကဏ္ဍအနေဖြင့် နိုင်ငံ၏အခြားသောပို့ကုန်ကဏ္ဍများကို အထောက်အကူပြုနိုင်ရန်နိုင်ငံ၏ယှဉ်ပြိုင်နိုင်မှုကို မြင့်မားစေရန်မှာ ဝန်ဆောင်မှုလုပ်ငန်းများကိုထိရောက်စွာလုပ်ကိုင်နိုင်ခြင်းသည် မရှိမဖြစ်လိုအပ်ပါသည်။ မြန်မာနိုင်ငံအတွက် ဝန်ဆောင်မှု လုပ်ငန်းများသည် အခြားသောပို့ကုန်များဖြစ်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (ဥပမာ - အဝတ်အထည်နှင့် လျှပ်စစ်ပစ္စည်းများ)၊ လယ်ယာစိုက်ပျိုး‌ရေးနှင့် ငါးလုပ်ငန်းကဏ္ဍများအတွက် ဝန်ဆောင်မှုလုပ်ငန်းများသည် အဓိကအရေးပါသည့်အခန်းကဏ္ဍမှပါဝင်ပါသည်။ ဒုတိယကဏ္ဍ အနေဖြင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍသည် ငွေကြေးရရှိနိုင်မှုအကန့်အသတ်၊ သယ်ယူပို့ဆောင် ရေးဆိုင်ရာ အချိန်ကြာမြင့်မှုနှင့် စရိတ်များပြားမှုနှင့် ဒီဂျစ်တယ်ဆက်သွယ်ရေး အားနည်းမှု စသည့် နိုင်ငံ၏သွင်းအားစုကန့်သတ်ချက်များကို ကျော်လွှားစေနိုင်မည်ဖြစ်သည်။

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီပေးရေးအစီအစဉ် (Enhanced Integrated Framework -EIF) တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပါဝင်သည် ဖြစ်ရာ မြန်မာ့ဝန်ဆောင်မှုကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစီမံကိန်း (Myanmar – Services Trade Enhancement Project – M-STEP) အကောင်အထည်ဖော်ရန်အတွက် ထောက်ပံ့ငွေကိုရရှိခဲ့ပါသည်။ အဆိုပါစီမံကိန်းတစ်ရပ်လုံးကို စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် တာဝန်ယူ၍ အကောင်းအထည်ဖော် ဆောင်ရွက် ရမည်ဖြစ်ပါသည်။

  • M-STEP စီမံကိန်းသည် အောက်ပါတို့ကို အောင်မြင်စွာအကောင်အထည်ဖော်ရန်ဖြစ်ပါသည် -

(၁)   စီးပွားရေးလုပ်ငန်းများကို အထောက်အကူပြုသော၊ စီးပွားရေးလုပ်ငန်း ဗဟိုပြုစည်းမျဉ်းစည်းကမ်းများချမှတ်ခြင်းဖြင့် ဝန်ဆောင်မှုလုပ်ငန်းများကုန်သွယ်မှုကို တိုးတက်စေခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေခြင်း၊

(၂)   ဝန်ဆောင်မှုကုန်သွယ်ရေးတွင်အဓိကအဟန့်အတားဖြစ်စေသည်များကို ရှာဖွေဖော်ထုတ် ခြင်း၊

(၃)   ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများတွင် ရလဒ်ကောင်းများရရှိစေခြင်း၊

-   အထက်ပါ ရည်မှန်းချက်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ဝန်ဆောင်မှုလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒီဂျစ်တယ်လ်တီထွင်ဆန်းသစ်မှုနှင့် အီလက်ထရောနစ်ကူးသန်းရောင်း ဝယ်ရေး (e-commerce) တို့ကိုရှေးရှုလျှက် M-STEP စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သော မြန်မာ့ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသတင်းအချက်အလက် များဘဏ္ဍာတိုက် (Myanmar Services Trade and Investment Portal - MSTIP) ကို တည်ထောင်ခြင်းဖြစ်ပါသည်။

-   MSTIP ထူထောင်ခြင်းကို အောက်ပါအတိုင်း ရည်ရွယ်ပါသည် -

  • စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုဖြင့် ဝန်ဆောင်မှုလုပ်ငန်းများကဏ္ဍဆိုင်ရာ အကျိုးစီးပွားသက်ဆိုင်သူများအချင်းချင်း ဆွေးနွေးညှိနှိုင်းနိုင်သည့်နေရာတစ်ခု အဖြစ်ထူထောင်ခြင်း၊

  • ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များ၊လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာလိုအပ်သည့်ပုံစံများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာသဘောတူညီချက်များနှင့် ယင်းတို့၏ နောက်ဆက်တွဲများတို့ကို ဒေတာဘေ့စ်အဖြစ် စုစည်းတည်ဆောက်ခြင်း၊

  • ဝန်ဆောင်မှုလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို ကုလသမဂ္ဂ/အာဆီယံတို့တွင် သတ်မှတ်ထားသည့် ကုဒ်နံပါတ်များဖြင့် အုပ်စုခွဲခြားခြင်း၊

  • ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီသိရှိနိုင်စေရန်နှင့် ရေရှည်တည်တံ့နိုင်စေရန် ဆောင်ရွက်ခြင်း၊