(၂၈) ကြိမ်မြောက် အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆက်စပ်ညှိနှိုင်းမှုကော်မတီ အစည်းအဝေးသို့ ပါဝင်တက်ရောက်မှု

     အဆိုပါ အစည်းအဝေးသို့ Video Conferencing စနစ်ဖြင့် အာဆီယံနိုင်ငံအသီးသီးမှ ATF-JCC အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်စုစုပေါင်း (၄၆) ဦးပါဝင်တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂) ဦး၊ အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ် (၄) ဦး စုစုပေါင်း (၆) ဦးသည် Online စနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။
 

    အဆိုပါအစည်းအဝေးတွင် အာဆီယံ စီးပွားရေးအဆင့်မြင့်အရာရှိကြီးများ၏အစည်းအဝေးများမှ အာဆီယံ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ဆက်စပ်ညှိနှိုင်းမှုကော်မတီအစည်းအဝေးနှင့် စပ်လျဉ်းသည့်ဆွေးနွေးမှုရလာဒ်များ၊ အာဆီယံကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးလုပ်ငန်းအစီအစဉ်များ၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ (Non-tariff measures - NTMs) နှင့်စပ်လျဉ်း၍ လျင်မြန်ချောမွေ့စေရေးကိစ္စရပ်များ၊ အာဆီယံ‌‌ဒေသတွင်း NTMs ဆိုင်ရာ ကတိကဝတ်များ အကောင်အထည်ဖော်ရေးလမ်းညွှန်ချက်များ၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အကောက်ခွန်မဟုတ်သောစီမံဆောင်ရွက်မှုများကြောင့် ကာလကြာရှည်စွာဖြစ်ပွားနေသော ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများကိုဖြေရှင်းရန်ကိစ္စရပ်များ၊ အာဆီယံဒေသတွင်းနိုင်ငံများအကြား အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများကြောင့် ကာလကြာရှည်စွာဖြစ်ပွားနေသော ကုန်သွယ်မှုဆိုင်ရာအငြင်းပွားမှုများကိုဖြေရှင်းရန် သီးသန့်ဆွေးနွေးခြင်းနှင့်စပ်လျဉ်းသည့်ကိုးကားရန်အချက်များ၊ အာဆီယံဒေသတွင်းနိုင်ငံများအလိုက်ထူထောင်ထားသည့် အမျိုးသားအဆင့် ကုန်သွယ်မှု အချက်အလက်ဘဏ္ဍာတိုက် (National Trade Repository (NTR)) နှင့် အာဆီယံအဆင့် ကုန်သွယ်မှု အချက်အလက်ဘဏ္ဍာတိုက် (ASEAN Trade Repository (ATR)) ဆိုင်ရာကိစ္စရပ်များ၊ ပြင်ပအကူအညီအထောက်အပံ့များဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က ဆောင်ရွက်သည့် NTMs toolkit ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးဆိုင်ရာ ဆက်စပ်လုပ်ငန်းအဖွဲ့များက ဆောင်ရွက်လျက်ရှိသည့် နည်းပညာဆိုင်ရာအထောက်အပံ့များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။