ရွှေတောင်မြို့နယ်တွင် ခဝဲသီးများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက်ရှိပြီး တောင်သူများအကျိုးအမြတ်ရ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတော / ဝါးလည်ကျေးရွာတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ရာသီပေါ်သီးနှံ တစ်မျိုးဖြစ်သော ခဝဲသီးနှံကို တစ်ပိုင်တစ်နိုင် ၄ ဧကခန့် စိုက်ပျိုးထား ကြောင်း သိရသည်။

ခဝဲသီးနှံကို မိုးရာသီဖြစ်သော ဇူလိုင် - ဩဂုတ်လများတွင် စိုက်ပျိုးကြပြီး စက်တင်ဘာလ - အောက်တိုဘာလများတွင် ခူးဆွတ်ရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုး ကြသလို ‌ဘောင်တင်စနစ်ဖြင့်လည်း စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကို အညှောက်ဖောက်၍ တစ်ပေအကျယ်ရှိ စိုက်ဘောင်တွင် အတန်းလိုက် စိုက်ပျိုးပြီး တစ်လခန့်အကြာတွင် စင်ထိုး၍ ခဝဲအညွန့် များကို စင်ပေါ်တင် ပေးရကြောင်း၊ အပင်သက်တမ်း ရက်ပေါင်း ၇၅-၈၀ ရောက်ရှိချိန်တွင် အသီးများကို စတင်ဆွတ်ခူးနိုင်ကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ခဝဲသီး အလုံးရေ ၁၀,၀၀၀ ခန့် ထွက်ရှိ ကြောင်း၊ ခဝဲသီးကို တစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် ခဝဲသီးအတောင့် ၂၀၀ ခန့်ရရှိကြောင်း၊ စိုက်ပျိုးမှု ကုန်ကျ စရိတ်အနေဖြင့် မျိုးစေ့၊ သွင်းအားစု၊ ဝါးနှင့် လုပ်သားခအပါအဝင် ငွေကျပ် ၁၃ သိန်းခန့် ကုန်ကျကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်တောင့်လျှင် လက်လီစျေးနှုန်း ၅၀၀ ကျပ် နှင့် လက်ကားစျေးနှုန်း ၃၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၇ သိန်းခန့်ရရှိပြီး ဈေးကွက်အနေဖြင့် သီးနှံကုန်စိမ်းဒိုင်များမှ စိုက်ခင်းထဲအရောက် လာရောက် ဝယ်ယူကြပြီး ရွှေတောင်မြို့နယ်အတွင်းသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA (ပဲခူး)