ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဘက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဘက်ကြိုတင်ဖြည့်ဆည်းရ မည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၅ ကို ယနေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်- ၃ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ- ၁ ၌ ကျင်းပခဲ့ရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ရခိုင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဘက်ကြိုတင်ဖြည့်ဆည်းရမည့်အချက် (Conditions Precedent) များအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် သက်ဆိုင်သည့်ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာမြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ကျောက်ဖြူအထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဘက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်(Conditions Precedent) များအတွက် လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိ သည့်အတွက် သတ်မှတ်ရက်မရောက်မီ လုပ်ငန်းများကိုပြီးစီးအောင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လစဉ်ကျင်းပ၍ ညှိနှိုင်းဆောင်ရွက်ပေးရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့ အကြားလုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို ၂၀၂၀ ပြည့်နှစ်တွင် ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါ Concession Agreement ၏ နောက်ဆက်တွဲစာချုပ် (Adden-dum) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး Long Stop Date ကို ၁၈ လ ကာလ သက်တမ်းတိုးပေးခဲ့ကြောင်း၊ Long Stop Date သက်တမ်းတိုးမြှင့်ထားသည့် ကာလမှာလာမည့် ဇွန်လတွင် ပြည့်မြောက်မည်ဖြစ်ပြီး အဆိုပါသက်တမ်းမပြည့်မြောက်မီ လုပ်ငန်းများ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည့်အတွက် သတ်မှတ်ရက် မရောက်မီ လုပ်ငန်းများကိုပြီးစီးအောင် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် အစုရှယ်ယာ ရှင်များနှင့်သက်ဆိုင်သော သဘောတူစာချုပ် (Shareholders’ Agreement)တွင် ဖော်ပြထား သည့်အတိုင်း မြန်မာ-တရုတ် နှစ်ဘက်အနေဖြင့် စီမံကိန်းမစတင်မီ ကြိုတင်ဖြည့်ဆည်းဆောင် ရွက်ရမည့် စာချုပ်ပါ အချက် ၁၆ ချက်အနက် မြန်မာဘက်က ဆောင်ရွက်ရမည့်အချက် ၁၀ ချက်၊ မြန်မာ - တရုတ် ပူးပေါင်းဆောင်ရွက်ရမည့်အချက် ၄ ချက် စသည့်လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သက်တမ်းတိုးမြှင့် ထားသည့်ကာလမတိုင်မီ သက်ဆိုင်ရာဌာနများမှဆောင်ရွက်ရမည့် လုပ်ငန်းများကို Timeline ချမှတ်၍ ပြီးပြတ်အောင်ဆောင်ရွက်နိုင်ရန် လမ်းညွှန်အမှာစကားပြောကြားပါသည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက နှစ်ဘက်ကြိုတင်ဖြည့်ဆည်းရမည့် အချက်များ (Conditions Precedent) နှင့်စပ်လျဉ်း၍ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြပါသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များက ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက် ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဘက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) အချိန်မီ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေ အနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြပါသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြော ကြားကာ အစည်းအဝေးကို နေ့လယ် ၁၂ : ၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။