မူဆယ်(၁၀၅)မိုင်အဝင်အထွက်လမ်းများအား လေးလမ်းသွားအဖြစ်ဖောက်လုပ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းလျက်ရှိ

   မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ရဲ့ ဒီဇင်ဘာလအတွက် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမ မှာပြုလုပ်ခဲ့ရာ OSS ဌာနများ၊ ကုန်စည်ဒိုင်များ၊ FDA၊ MITS၊ မော်တော်ယာဉ်အသင်းများ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။

  အစည်းအဝေးတွင် ပဲ၊ ပြောင်း၊ နှမ်းကုန်စည်ဒိုင် ဥက္ကဋ္ဌက ယခုအခါပြောင်းဈေးနှုန်းကျဆင်းနေတဲ့အတွက် ပြောင်းတစ်တန်ဈေးကို ဒေါ်လာ ၂၇၀ သို့ လျှော့ချသတ်မှတ်ပေးစေ လိုကြောင်းနဲ့ ကုန်စည်ဒိုင်အဝင်အထွက် ကားလမ်းကြောင်းမှာ အတက်၊ အဆင်းမောင်းနှင်လျက်ရှိသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နိုင်တဲ့အတွက် အတက် တစ်လမ်း၊ အဆင်းတစ်လမ်း သတ်မှတ်ပေးစေလိုကြောင်း၊ သစ်သီးကုန်စည်ဒိုင် ဥက္ကဋ္ဌမှ လက်ရှိသစ်သီးတင်ပို့မှုတွင် ဈေးနှုန်းတွက်ခြေမကိုက်ခြင်း၊ သယ်ယူစရိတ် ကြီးမြင့်နေခြင်းများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းတို့ကို အဆင်ပြေစွာတင်ပို့နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ဆီးသီးတင်ပို့ရောင်းချတဲ့ ရာသီ လည်းဖြစ်ရာ ဆီးသီးများလျင်မြန်စွာတင်ပို့ရောင်းချနိုင်မှသာ ဈေးကောင်းရရှိမည်ဖြစ်ကြောင်း၊ ဆီးသီးတင်ယာဉ်များနဲ့ ရေထွက်ပစ္စည်းယာဉ်များအား ဦးစားပေးကုန်ပစ္စည်းအဖြစ် သတ်မှတ်ပြီး ကုန်သွယ်ရေးဇုန်သို့ အလှည့်ကျော်ဝင်ရောက်ခွင့်ပြုပေးစေလိုကြောင်း၊ မူဆယ်အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်းဥက္ကဋ္ဌက စက်ပစ္စည်းများ လိုင်စင်လျှောက် ထားပြီး ဂျူတီဆောင်သည့်အခါ အကောက်ခွန်ဦးစီးဌာနမှ ဈေးနှုန်းပြင်ဆင်သတ်မှတ်မှုများနဲ့ သက်ဆိုင်ရာဌာနအချင်းချင်း မည်သို့ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလို ပါကြောင်း၊  C/O ကွဲလွဲမှု  ကြောင့် သိမ်းဆည်းကုန်ပစ္စည်းများအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ မည်ကဲ့သို့တင်သွင်းခွင့်ပြု နိုင်မည်ကိုသိရှိလိုကြောင်း၊ ၂၀၁၅ ခုနှစ်မော်တော် ဆိုင်ကယ်ဈေးနှုန်းသတ်မှတ်ပေးရန်ကိစ္စများကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

   OSS အကောက်ခွန်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက ပြောင်းဈေးနှုန်းအား ဒေါ်လာ ၂၇၀ လျှော့ချသတ်မှတ်ပေးရန်ကိစ္စနဲ့ ပတ်သက်ပြီး ဈေးနှုန်းသတ်မှတ်ရာတွင် လက်ရှိဈေးနှုန်းနဲ့ ရန်ကုန်မှသတ်မှတ်ပေးထားသည့် ဈေးနှုန်းကွာခြားမှုမရှိစေရန် ဈေးနှုန်းညှိနှိုင်းအစည်းအဝေးတွင် ပြန်လည်တင်ပြပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

   ဆက်လက်၍ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူးက ကုန်စည်ဒိုင်များသို့ သွားရောက်တဲ့အဝင်၊ အထွက်ကားလမ်းအား OSS အဖွဲ့နဲ့ ကုန်စည်ဒိုင် များပူးပေါင်း ၍မြေပြင်ကွင်းဆင်းလေ့လာပြီး  Layout Plan အနေအထားအရ ဆောင်ရွက်သင့်သည်ကို အသေး စိတ် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အသီးတင်ယာဉ် များကို နံနက် ၉ နာရီမတိုင်မီ လေလံပွဲသို့ရောက်ရှိစေရေး ဦးစားပေးစေလွှတ်ပေးပြီး ၉ နာရီနောက်ပိုင်းအခြားကုန်တင်ယာဉ်များ နည်းတူတန်းစီစောင့်ဆိုင်းစနစ်ဖြင့် စေ လွှတ်ပေးလျက်ရှိကြောင်း ဦးစားပေးကုန်အဖြစ် သတ်မှတ်ရန်မှာ ကုန်သည်လုပ်ငန်းရှင်များ၊ ကုန်စည်ဒိုင်များအချင်းချင်း ကြိုတင်ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း၊ သဘော တူညီ မှုရပါကဌာနများအနေနဲ့ အကောင်အထည်ဖော်ဆောင်ပေးရန်အခက်အခဲမရှိကြောင်း၊ JBTCCC အစည်းအဝေးဆုံးဖြတ်ချက်မှာ ပါဝင်တဲ့ ဆန်၊ ပြောင်းတင်ပို့ရောင်းချပြီး တရုတ်ကုန်သည်များမှ ငွေပေးချေခြင်းမရှိတဲ့အတွက် နစ်နာလျက်ရှိတဲ့ မြန်မာကုန်သည်များကိစ္စအား မိမိဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ ကုန်သည် လုပ်ငန်းရှင်များအနေနဲ့ မိမိဘက်တွင် ဈေးကွက်ရရှိရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း၊ ဘုရားပန်းများတင်သွင်းရာတွင် အပင် ပိုးမွှားကင်းရှင်းရေးဦးစီးဌာနက ရောက်ရှိလာသည့် ကုန်ပစ္စည်းအပေါ်ကို နမူနာရယူစစ်ဆေးပြီး ထောက်ခံချက်ပြုလုပ်ပေးနေကြောင်း၊ လိုင်စင်လျှောက်ရန် ကြိုတင်ထောက်ခံချက်ပေးရန် မလိုကြောင်း၊ မူဆယ်ထုတ်နုတ်အင်အား Mobile Team အဖွဲ့အနေနဲ့ ဒုတိယသမ္မတလမ်းညွှန်ချက် အတိုင်း ဆောင်ရွက်နေရတဲ့အတွက် Mobile Team ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ငန်းဆောင်ရွက်မှုများကိုသိရှိနားလည်သဘောပေါက်စေလိုကြောင်း၊ ဆိုင်ကယ်ဈေးနှုန်းနဲ့ပတ်သက်၍နေပြည်တော် (ရုံးချုပ်)ရှိ သွင်းကုန် လုပ်ငန်း ဌာနခွဲနဲ့ အကောက်ခွန်ဦးစီးဌာနတို့ပူးပေါင်း၍ အနီးစပ်ဆုံးဈေးနှုန်းဖြစ်စေရေး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

  မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ရဲ့ အဝင်အထွက်လမ်းများအား လေးလမ်းသွားအဖြစ်ဖောက်လုပ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းလျက်ရှိပြီး ကုန်တင်ယာဉ် များမြို့တွင်းသို့ မဝင်ဘဲ မြို့ပြင်မှ သွားလာနိုင်တဲ့ မြို့ရှောင်လမ်း တစ်လမ်းဖောက်လုပ်နိုင်ရေးအတွက်ကိုပါ ညှိနှိုင်းလျက်ရှိကြောင်းသိရပါတယ်။ အဲဒီလိုလေးလမ်းသွားဖောက် လုပ်ရေးနှင့် မြို့ရှောင်လမ်းဖောက်လုပ်ရေးတို့အတွက် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ ကုန်သည်လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက လမ်းညွှန်မှာကြားခဲ့တာဖြစ်ပါတယ်။

ယဉ်ယဉ်အေး MIRT (DCCA)